အီဘိုလာ ကာကွယ်ဆေး စမ်းသပ်မှု ရာနှုန်းပြည့် အောင်မြင်

ဓာတ်ပုံ မူပိုင် AFP
Image caption အီဘိုလာ ကာကွယ်ဆေးက ရာနှုန်းပြည့် ထိရောက်မှု ရှိတယ်လို့ဆို။

အီဘိုလာ ကာကွယ်ဆေး တစ်မျိုးကို ဂီနီ နိုင်ငံမှာ စမ်းသပ် ခဲ့ရာမှာ ရာနှုန်းပြည့် ရောဂါ ကာကွယ် နိုင်ခဲ့တဲ့ ရလဒ်အပေါ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ချီးကျူး ပြောဆို လိုက်ပါတယ်။

ကြောက်မက်ဖွယ် ရောဂါဆိုးကို ထိထိရောက်ရောက် ဟန့်တားနိုင်မယ့် ကာကွယ်ဆေး တစ်မျိုး ပေါ်ထွက်လာချိန် နီးလာပြီလို့ WHO က ပြောပါတယ်။

အဲဒီ ဆေးကို ဂီနီ နိုင်ငံမှာ အီဘိုလာ ရောဂါရှင်နဲ့ ထိတွေ့ဖူးတဲ့ လူထောင်ပေါင်း များစွာကို ပေးခဲ့တာ ဖြစ်ပြီး ၁၀ ရက် ကြာချိန်အထိ အဲဒီ လူတွေထဲက တစ်ယောက်မှ ရောဂါ ကူးစက်ခံရခြင်း မရှိဘူးလို့ ဆိုပါတယ်။

အဲဒီ ကာကွယ်ဆေးဟာ အီဘိုလာကို တွန်းလှန်နိုင်မယ့် ကိုယ်ခံအားကို မွေးထုတ်ပေးဖို့အတွက် အီဘိုလာ ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်း တစ်ခုနဲ့ အန္တရာယ် သိပ်မရှိတဲ့ တခြား ဗိုင်းရပ်စ်ကို ပေါင်းစည်း ပေးထားတာ ဖြစ်ပါတယ်။

ဒီဆေးအတွက် တရားဝင် လိုင်စင် ထွက်မလာသေးပေမယ့် အမြောက်အများ ထုတ်လုပ် ဖြန့်ချိဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

အီဘိုလာ ရောဂါကြောင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာက စပြီး ခုချိန်အထိ လူပေါင်း တစ်သောင်း တစ်ထောင်ကျော် သေဆုံးခဲ့ရပြီး ဖြစ်သလို နှစ်သောင်း ရှစ်ထောင်လောက် ရောဂါ ကူးစက် ခံခဲ့ကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ