မလေးရှား ဝန်ကြီးချုပ်ရဲ့ ငွေတွေက အလှူငွေတွေလို့ဆို

ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ 1MDB ရဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးခဲ့။

မလေးရှား နိုင်ငံမှာ ဝန်ကြီးချုပ် နာဂျစ် ရာဇက်ရဲ့ ငွေကြေး အရှုပ်တော်ပုံကို စုံစမ်းနေတဲ့ အဂတိမှု တိုက်ဖျက်ရေး အဖွဲ့က မစ္စတာ နာဂျစ်ရဲ့ ကိုယ်ပိုင် ဘဏ်စာရင်းထဲမှာ တွေ့ရတဲ့ ဒေါ်လာ သန်း ရာချီတဲ့ ငွေတွေဟာ အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် အနေနဲ့ မဟုတ်မမှန် လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ ပြောဆို လိုက်တာ ဖြစ်ပေမယ့် အဲဒီ ငွေတွေကို ဘယ်သူတွေက ဘာအတွက် လှူဒါန်းထားတယ် ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

အဂတိမှု တိုက်ဖျက်ရေး အဖွဲ့ဟာ 1MDB လို့ခေါ်တဲ့ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ ငွေတွေထဲက ဒေါ်လာ သန်း ၇၀၀ နီးပါးကို မစ္စတာ နာဂျစ်ရဲ့ ကိုယ်ပိုင် ဘဏ်စာရင်းထဲ လွှဲပြောင်း ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးခဲ့တာပါ။

အဲဒီ ငွေတွေဟာ လှူဒါန်း ငွေတွေ ဖြစ်တယ်လို့ အခုလို ပြောလိုက်ပေမယ့် ဝန်ကြီးချုပ် အပေါ် ဝေဖန် ပြောဆိုမှုတွေ ရပ်သွားမှာ မဟုတ်ဘူးလို့ ကွာလာလမ်ပူက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဝန်ကြီးချုပ် နာဂျစ် ရာဇက်ဟာ စွပ်စွဲမှုတွေအပေါ် ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ သူ့ရဲ့ လက်ထောက်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပယ်ခဲ့သလို၊ စုံစမ်းမှုတွေကို ဦးဆောင်ခဲ့တဲ့ ရှေ့နေချုပ်ကိုလည်း လူစားထိုးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ