စူးအက်တူးမြောင်း တိုးချဲ့ဖွင့်လှစ်

စူးအက်တူးမြောင်းဖွင့်ပွဲ သမ္မတစီစီတက်ရောက် ဓာတ်ပုံ မူပိုင်
Image caption စူးအက်တူးမြောင်းဖွင့်ပွဲ သမ္မတစီစီတက်ရောက်

အီဂျစ်နိုင်ငံမှာ ကမ္ဘာကျော် စူးအက် တူးမြောင်းကြီးကို တိုးချဲ့ပြီး မိုင်၂၀ကျော်ရှည်တဲ့ တူးမြောင်းသစ်ကို သမ္မတစီစီက အခမ်းအနားနဲ့ ဖွင့်လှစ် လိုက်ပါတယ်။

အခုလို တူးမြောင်းကြီးကို ချဲ့လိုက်တဲ့ အတွက် နှစ်လမ်းမောင်းနိုင်ပြီး သင်္ဘောတွေ ပိုဖြတ်သန်းနိုင် လို့ တိုင်းပြည် ဝင်ငွေတိုးလာမယ့် အတွက် နိုင်ငံ့စီးပွားရေး နာလန်ထူ လာမယ်လို့ အီဂျစ် အစိုးရက မျှော်လင့်ပါတယ်။

ဒီလို မျှော်လင့်ချက်ကို အီဂျစ် ပြည်သူတွေက အမြင်အမျိုးမျိုး ကွဲနေပါတယ်။

တချို့ ကတော့ အခုလို ဒေါ်လာသန်း ၈ဝဝဝ ကုန်အောင် တိုးချဲ့မယ့်အစား လမ်းတံတား တွေ ပိုကောင်းအောင် ပြုပြင်တာမျိုး ညံ့ဖျင်းတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ သုံးတာ ပိုကောင်းနိုင်တယ်လို့ ထောက်ပြ ကြပါတယ်။

ကိုင်ရိုရှိ အမေရိကန် တက္ကသိုလ်မှ စီးပွားရေး ပညာရှင် အာမက် ကာလမီ ကတော့ အခုလို တူးမြောင်းကြီးတိုးချဲ့တာဟာ အမျိုးသား စီမံကိန်းကြီးမှာ လူတွေကို စည်းလုံးနိုင် လို့ စီပွားရေးအကျိုးအမြတ်ထက် နိုင်ငံရေး အကျိုးအမြတ် ချက်ခြင်း ရနိုင်တယ်လို့ ပြောပါတယ်။

လာမယ့်နှစ် ပနားမား တူးမြောင်း တိုးချဲ့တာပြီးသွားရင် အာရှ မြောက်အမေရိက ရေလမ်းခရီးမှာ အပြိုင်အဆိုင် ဖြစ်လာပြီး စူးအက် က ရမယ့်ဝင်ငွေကိုလည်း ထိခိုက်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။