ကာဘူးလ်မြို့မှာ အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်

bbc_304x171
Image caption ရဲသင်တန်းကျောင်း ဗုံးခွဲခံရ

အာဖဂန်နစ္စတန် နိုင်ငံ ကာဘူးလ် မြို့ မှာ အသေခံ ဗုံးဖေါက်ခွဲ တိုက်ခိုက်မှု ကြောင့် အနည်းဆုံး လူပေါင်း ၄၀ သေဆုံးပြီး ရာနဲ့ ချီ ဒဏ်ရာ ရကြ ပါတယ်။ ပထမ ပေါက်ကွဲမှု က မနေ့ မနက် စောစော ပိုင်း က ဖြစ်တဲ့ အတွက် အများစု ဟာ အိပ်ယာ က မထကြသေးပါဘူး။

လေဆိပ်ရဲ့ မြောက်ဖက် ရှိ စစ်စခန်းတွေ ဘက်မှာ ရပ်ထားတဲ့ ထရပ်ကား တစီး ဟာ ပေါက်ကွဲ စေတဲ့ ဗုံးဆံ တွေ အမြောက်အမြား သယ်ဆောင်လာပြီး အသေခံ ဗုံးခွဲ တိုက်ခိုက်တာ ဖြစ်ပုံရကြောင်း ကာဘူးလ် မြို့ မှ ရဲမင်းကြီး Abdel Rahman Rahimi က ဘီဘီစီ ကို ပြောပါတယ်။ ပေါက်ကွဲမှု အတွင်း ထိမှန်သေဆုံးသူတွေ ဟာလည်း အရပ်သား တွေ ဖြစ်ကြပြီး အမျိုးသမီး နဲ့ ကလေးတွေ များပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန ပြောပြချက် အရ ဒဏ်ရာ ရသူတွေ ထဲက နောက်ထပ်သေဆုံးမဲ့ သူတွေ ရှိနိုင်ကြောင်း ဆိုပါတယ်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်တဲ့ နေရာ လမ်းမ ပေါ်မှာ မှန်ကွဲစ တွေ အများကြီး ပြန့်ကျဲ နေတာ တွေ့ရ တဲ့ အကြောင်း၊ ဒီ အနီးအနား တဝိုက်မှာလည်း မှောင်နေပြီး မီးခိုးတွေ ဖုန်မှုန့် တွေ ပဲ ရှိနေပြီး လူတွေ အော်သံလည်း ကြားရ ပါတယ် လို့ ပေါက်ကွဲမှု ဖြစ်တဲ့ ရပ်ကွက်နေ သူ က ပြောပါတယ်။

တရက်ထဲ မှာ ပဲ နောက်တကြိမ် ပေါက်ကွဲမှု ဖြစ်တာက ရဲ အတတ်သင် သင်တန်းကျောင်း အနီးမှာပါ။ သင်တန်းပိတ်ရက် နှစ်ရက် ရ အပြီး ရဲသင်တန်းသား တွေ ဟာ ကျောင်းထဲဝင်ဖို့ တန်းစီနေကြတုန်း ရဲဝတ်စုံ ဝတ်ထားသူ တဦးဟာ သင်တန်းသား တွေ နဲ့ ရောနှော နေလိုက်ယင်း ဗုံးစနက်တန် ကို ဖြုတ်လိုက်ပြီး အသေခံ ဖေါက်ခွဲ လိုက်တာပါ။ ရဲသင်တန်းသား ၂၅ ဦး သေဆုံးသွားပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေ ဘက် က ဒါဟာ လုံခြုံရေး စည်း ချိုးဖေါက်ခံရတာ ဖြစ်တယ် လို့ ဆိုသလို တာလီဘန်တွေ ဘက် ကလည်း သူတို့ လက်ချက် ဖြစ်ကြောင်း ပြောပါတယ်။

အာဖဂန် နိုင်ငံသမ္မတ အာရှရပ်ဖ် ဂါနီ ကလည်း တာလီဘန်တွေ ဟာ သူတို့ကြားထဲမှာ ခေါင်းဆောင် မူလာအိုမာ သေဆုံးပြီတဲ့ နောက်ပိုင်း ခေါင်းဆောင်သစ် ရွေးချယ်မှု နဲ့ ပတ်သက်လို့ သဘောထား ကွဲတာတွေ ရှိနေတာကို လူမသိ စေချင်တဲ့ အတွက် အာရုံလွှဲပြောင်းမှု အနေနဲ့ အသေခံ ဗုံးခွဲမှုတွေ ကျူးလွန်နေတယ် လို့ မနေ့ညနေ့ က ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖေါ်ပြထား ပါတယ်။