ပါလက်စတိုင်းဖခင် မီးလောင်ဒဏ်ရာနဲ့ သေဆုံး

arson
Image caption ကလေးနဲ့ ဖခင် သေဆုံး

အစ္စရေးသိမ်းယူထားတဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းမှာ အိမ်မီးရှို့တိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့ ပါလက်စတိုင်း ကလေးငယ်ရဲ့ ဖခင်လည်း မီးလောင်ဒဏ်ရာနဲ့ သေဆုံးသွားပြီ ဖြစ်ပါတယ်။

ဇူလိုင်လကုန်တုန်းက ဂျူးအခြေချသူ အစွန်းရောက်တွေ တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဒီမီးရှိုမှုမှာ လေးနှစ်သားအရွယ် ပါလက်စတိုင်း ကလေးငယ် သေဆုံးခဲ့ပါတယ်။

ဖခင်ဖြစ်သူ ဆာအစ် ဒဝါရှက်လည်း မီးလောင်ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဇာပနကိုလည်း ဒူးမားရွာမှာ ကျင်းပပြီး ရာနဲ့ချီတဲ့သူတွေက ကြွေးကြော်သံတွေ အော်ဟစ်ပြီး လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ကျန်ရစ်သူ ဇနီးနဲ့ နောက်ထပ် သားငယ်လည်း မီးလောင်ဒဏ်ရာနဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟုကတော့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး မီးရှို့သူတွေကို ဖမ်းဆီးသွားမယ်လို့ ကတိပေးထားပါတယ်။