တိယန်ကျင်း ဒေသခံတွေ လျော်ကြေးရရှိဖို့ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် Reuters
Image caption လူ ၆၀၀၀ ကျော်ကို ပြောင်းရွှေ့ နေရာ ချထား ပေးခဲ့ရတယ်လို့ဆို။

တရုတ် နိုင်ငံ တိယန်ကျင်း မြို့မှာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကြောင့် နေအိမ် ပျက်စီး ဆုံးရှုံးမှုတွေ ခံခဲ့ရတဲ့ လူတွေက အစိုးရဆီကနေ လျော်ကြေး ရရှိဖို့ ဒီကနေ့ တနင်္လာနေ့မှာ တောင်းဆို ဆန္ဒပြ ခဲ့ကြပါတယ်။

လူ ဒါဇင်ပေါင်း များစွာဟာ တရုတ် အာဏာပိုင်တွေ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်တဲ့ ဟိုတယ် ရှေ့မှာ စုရုံး ဆန္ဒပြ ခဲ့ကြတာပါ။

ပေါက်ကွဲခဲ့တဲ့ ဓာတုပစ္စည်း ကုန်လှောင်ရုံ တွေဟာ သူတို့ရဲ့ နေအိမ်တွေ အနီးမှာ တရားမဝင် ဆောက်လုပ် ထားခဲ့တာ ဖြစ်တယ်လို့ ဒေသခံ နေထိုင်သူတွေက ပြောပါတယ်။

အဆိပ်သင့် ဆိုဒီယမ် ဆိုင်ယာနိုက်ဒ် ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ ကုန်လှောင်ရုံတွေမှာ ပေါက်ကွဲမှုတွေ အဓိက ဖြစ်ပွားခဲ့တာပါ။

ခုချိန်ထိ သေဆုံးသူ ၁၁၄ ဦး ရှိသွားပြီး မီးသတ်သမား အများစု ပါဝင်တဲ့ လူ ၇၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ပေါက်ကွဲမှု အရှိန်ကြောင့် နေအိမ်ပေါင်း ၁၇၀၀၀ လောက် ပျက်စီး ထိခိုက်မှုတွေ ရှိခဲ့ရပြီး လူ ၆၀၀၀ ကျော်ကို ပြောင်းရွှေ့ နေရာချထား ပေးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ