ထိုင်း ဗုံးခွဲမှု၊ ဒုတိယမြောက် မသင်္ကာသူကို ဖမ်းဆီး

ဓာတ်ပုံ မူပိုင် epa
Image caption ဘန်ကောက်မြို့ အရှေ့ဘက်၊ ကမ္ဘောဒီးယား နယ်စပ်အနီးက စာကယောက် ပြည်နယ်ထဲမှာ ဖမ်းဆီးခဲ့။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဟိန္ဒူ နတ်ကွန်းအနီး ဗုံးခွဲ တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိတဲ့ ဒုတိယမြောက် နိုင်ငံခြားသား တစ်ယောက်ကို ထိုင်း အာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။

ဘယ်နိုင်ငံသား ဖြစ်တယ် ဆိုတာ အတည်မပြု နိုင်သေးတဲ့ အဲဒီ လူကို ကမ္ဘောဒီးယား နိုင်ငံဘက် ဖြတ်ကူးဖို့ ကြိုးစားစဉ် ထိုင်းနယ်စပ်မှာ ဖမ်းမိ ခဲ့တာပါ။

လူ ၂၀ သေဆုံး ခဲ့ရတဲ့ အဲဒီ ဗုံးခွဲ တိုက်ခိုက်မှုကို ဘာကြောင့် ကျူးလွန်သလဲ ဆိုတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် တချို့ ကတော့ ထိုင်းနိုင်ငံ အတွင်းက ဝီဂါ မွတ်ဆလင်တွေကို ဇူလိုင်လ အတွင်းက တရုတ် နိုင်ငံထဲ ပြန်ပို့ခဲ့မှုနဲ့ ပတ်သက် နိုင်တယ်လို့ သုံးသပ် ကြပါတယ်။

ဗုံးခွဲမှု အတွက် သံသယ ရှိတဲ့ ပထမမြောက် နိုင်ငံခြားသား တစ်ဦးကိုတော့ ပြီးခဲ့တဲ့ စနေနေ့က ဘန်ကောက် မြို့စွန်မှာ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အတူ ဖမ်းမိ ခဲ့ပါသေးတယ်။

စီစီတီဗီ ထဲမှာ တွေ့ရတဲ့ ဗုံးပေါက်ကွဲရာ နေရာမှာ ကျောပိုးအိတ် ချန်ထားခဲ့သူဟာ အခု ဖမ်းဆီးထားတဲ့ လူ ၂ ယောက်အနက် တစ်ယောက်ယောက် ဖြစ်သလား ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အသက် ၂၆ နှစ်အရွယ် ထိုင်း အမျိုးသမီးတစ်ဦးနဲ့ နိုင်ငံခြားသား အမျိုးသားတစ်ဦး တို့ကိုလည်း ထိုင်းရဲက ဖမ်းဝရမ်း ထုတ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ