ထိုင်း အခြေခံဥပဒေမူကြမ်း ပယ်ချခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption လူထုကလည်း မကြေနပ်ကြ
ဓာတ်ပုံ မူပိုင် REUTERS
Image caption ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုးချားရဲ့ အစိုးရ ဆက် အာဏာယူထားနိုင်ဦးမှာ ဖြစ်

စစ်တပ်က စိတ်ကြိုက် ရေးထားတဲ့ အခြခံဥပဒေ မူကြမ်းကို စစ်တပ်က ရွေးချယ် ခန့်ထားတဲ့ သူ အများစု ပါတဲ့ ကောင်စီက ပယ်ချလိုက်တယ် ဆိုတာ ဘယ်သူမှ ကြို မှန်းမထား ခဲ့တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့မှာ မဲခွဲတဲ့အခါ အဖွဲ့ဝင် ၂၄၇ ယောက်ပါတဲ့ အမျိုးသား ပြုပြင်ပြောင်းလဲရေး ကောင်စီမှာ ၁၃၅ ယောက်က ကန့်ကွက်ပြီး ၁၀၅ ယောက်က ထောက်ခံ ခဲ့ပါတယ်။ မဲမပေးပဲ နေခဲ့ သူကတော့ ၇ ယောက် ရှိခဲ့ပါတယ်။ ဒီ အခြခံဥပဒေမူကြမ်းက တော်တော်လေး ဝေဖန်ခံနေရတဲ့ အနေအထား ရှိခဲ့ပါတယ်။ စစ်တပ်က အာဏာ သိမ်းယူပြီး ဆွဲခဲ့တဲ့ အခြေခံဥပဒေမှာ လိုအပ်ရင် စစ်တပ်က အချိန်မရွေး အာဏာ သိမ်းယူခွင့်ကိုလည်း ပြဌာန်းထားတယ်၊ နောက်ပြီး နိုင်ငံရေးပါတီ တွေနဲ့ ရွေးကောက်ခံ အစိုးရတို့ရဲ့ လုပ်ပိုင်ခွင့်တွေ အပေါ် ကန့်သတ်ချက် တွေလည်း ပါနေခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီ နည်းလမ်းတွေနဲ့ လုံးဝ ဆန့်ကျင်တယ်လို့ ဝေဖန်မှုတွေတော်တော်များများ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခြေခံဥပဒေ ရေးဆွဲရေး ကော်မီတီဝင် ကမ်မနွန် ဆီဒီဟီဆာမမ် ကတော့ သူတို့ တိုင်းပြည် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အခြခံဥပဒေကို ဆွဲခဲ့တာလို့ ဆိုပါတယ်။ ပြည်တွင်းမှာ ပြီးခဲ့တဲ့ ဆယ်နှစ် အတွင်း ကြုံခဲ့ရတဲ့ နိုင်ငံရေး အကြပ်အတည်း တွေကို ရှင်းနိုင်အောင် ရည်ရွယ် ရေးဆွဲခဲ့တယ်။ စီးပွားရေးတွေ ပျက်ပြီး လူ့အသက်တွေ ဆုံးခဲ့တယ်၊ အရင်အတိုင်း ဆက်ထားရင် ပြဿနာတွေ ပြေလည်မှာ မဟုတ်ဘူးလို့ သူက ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုလို ပယ်ချလိုက်တော့ နောက်ထပ် အခြေခံဥပဒေ ရေးဆွဲရေး ကော်မီတီတစ်ခုကို ထပ်ခန့်ပြီး ခြောက်လအတွင်း အခြေခံဥပဒေ အသစ်တစ်ခုကို ထပ်ရေး ရပါတော့မယ်။ ပြီးမှ ဆန္ဒခံယူပွဲ လုပ်ပြီး အတည်ပြုချက် ယူရမှာပါ။ အဲဒီ ဆန္ဒခံယူပွဲမှာလည်း လူထု က မကြေနပ်လို့ ပယ်ချနိုင် ပါသေးတယ်။ ရွေးကောက်ပွဲတွေ ရွှေ့သွားမယ် ဒီတော့ နောက်ထပ် အခြေခံဥပဒေတစ်ခု အတည်ပြုပြီး အဲဒီ အခြေခံဥပဒေအရ ရွေးကောက်ပွဲတွေကို လာမယ့် ၂၀၁၆ ကုန်လောက်မှာ ကျင်းပမယ်၊ ပြီးရင် တက်လာမယ့် အရပ်သား အစိုးရကို အာဏာလွှဲပေးမယ် ဆိုတဲ့ အချိန်ဇယားကလည်း နောက်ကို ဆုတ်သွား တော့မှာပါ။ ဒါကြောင့် အာဏာသိမ်း စစ်တပ်က အနည်းဆုံး နောက်ထပ် တစ်နှစ်လောက် ရာထူးက ဖယ်မပေးရပဲ ဆက်နေနိုင်သွားမှာလည်း ဖြစ်ပါတယ်။ နောက်တစ်ခါ ထိုင်းနိုင်ငံမှာ ဘုရင်ကြီး ဘူမိဘော အဒူလ်ရာဒက်ကလည်း တော်တော်လေး နာမကျန်းဖြစ်နေတော့ သူကွယ်လွန်ရင် သူ့ကို ဆက်ခံသူ ရွေးချယ် ခန့်အပ်ရဦးမယ်။ အဲဒီလို ဘုရင်နေရာ အပြောင်းအလဲ ဖြစ်လာရင် ရွေးကောက်ပွဲတွေ ကလည်း အချိန်အကြာကြီး ရွှေ့ထားဦးမှာ ဆိုတော့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံရတဲ့ အရပ်သား အစိုးရတစ်ရပ် တက်လာဖို့ အရေးကတော့ နှစ်ပေါင်းများစွာ စောင့်ရဦးမယ့် အခြေအနေ ရှိပါတယ်လို့ ဘန်ကောက်က ဘီဘီစီ သတင်းထောက် ဂျိုနသန်ဟက်က သုံးသပ်ပါတယ်။