ကုလသမဂ္ဂရုံးရှေ့မှာပါလက်စတိုင်းအလံလွှင့်ခွင့်ရ

ဓာတ်ပုံ မူပိုင်
Image caption ပါလက်စတိုင်းအလံလွှင့်ခွင့်ကိုအစ္စရေးကကန့်ကွက်

ကုလသမဂ္ဂရုံး အဆောက်အအုံ အရှေ့မှာ ပါလက်စတိုင်း အလံ လွှင့်ထူခွင့် ပြုမယ့် အဆိုပြုချက် တရပ်ကို ထောက်ခံကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မဲခွဲ ဆုံးဖြတ်ခဲ့ ကြပါတယ်။

အပြတ်အသတ် ထောက်ခံမဲ နဲ့ အတည်ပြုခဲ့တဲ့ အဲဒီ ဆုံးဖြတ်ချက် အရ အဖွဲ့ဝင် မဟုတ်တဲ့ လေ့လာသူ နိုင်ငံတွေ အနေနဲ့ ပါလက်စတိုင်းနဲ့ the Holy See နှစ်နိုင်ငံရဲ့ အလံတွေကို တခြားအဖွဲ့ဝင် နိုင်ငံတွေရဲ့ အလံတွေနဲ့ အတူ ယှဉ်တွဲ လွှင့်ထူခွင့် ရတော့မှာ ဖြစ်ပါတယ်။

ကုလ သမဂ္ဂ ဆိုင်ရာ ပါလက်စတိုင်း ကိုယ်စားလှယ် ရီယာ့ဒ် မဲန်ဆူရ် က ဒါဟာ ပါလက်စတိုင်းနိုင်ငံ ရပ်တည်ထူထောင်ခွင့်ကို ပိုခိုင်မာစေရေး ရှေ့ရှုတဲ့ နောက်ခြေလှမ်း တရပ်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း အစ္စရေး ကတော့ ဒီ မဲခွဲ ဆုံးဖြတ်ချက် ရလဒ်ကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီးကို သေးသိမ် ထိခိုက်သွားစေတယ်လို့ ပြောကြားလိုက်ပြီး ပါလက်စတိုင်းတို့အနေနဲ့ နိုင်ငံ ရပ်တည် ထူထောင်ခွင့် ရချင်တယ် ဆိုရင် တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းတဲ့ နည်းတခုပဲ ရှိတယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။