မက္ကာမှာ ကရိန်းပြိုကျလို့ လူအများအပြားသေ

ကရိန်းပြိုကျလို့ပျက်စီးမှုများ ဓာတ်ပုံ မူပိုင် EPA

ဘုရားဖူး ရာပေါင်းများစွာတို့ သောကြာနေ့၀တ်ပြု ဆုတောင်းနေကြပါတယ်။ မိုးသည်းထန်လို့ ကောင်းကင်တခုလုံး မဲမှောင်နေပြီး သဲမုန်တိုင်းတွေလည်းကျနေပါတယ်။ ဗလီကြီးပတ်လည်မှာရှိတဲ ဆောက်လုပ်ရေး ဝန်ချီကရိန်းတွေထဲက အနီရောင်စက်ကြီးတခုက ဗလီကြီးပေါ်ကိုပြိုကျလာပါတယ်။ အဲဒီနောက် သေဆုံးသူတွေ ဒဏ်ရာရသူတွေ ဟာ ကြမ်းပေါ်မှာ သွေးအလူးလူးနဲ့ ဖြစ်နေပါတယ်။ အခုလို ပြိုကျတဲ့အပေါ် ဆော်ဒီ အာရေဗျမှာရှိတဲ့ အရပ်ဖက်လုံခြုံရေး တာဝန်ခံက မိုးအလွန်သည်းပြီး လေတိုက်နှုန်းလည်း တနာရီကီလိုမီတာ ၈၀ကျော်တဲ့အတွက် ညနေ၅နာရီခွဲမှာ ပြိုကျတာလို့ပြောပါတယ်။ ဟာဂျ် ဘုရားဖူးချိန်အတွင်း တနေရာထဲမှာ လူအများအပြား ပိတ်ဆို့နေလို့ မတော်တဆ တက်နင်းတဲ့သေဆုံးမှုမျိုးတွေ အရင်က ရှိခဲ့ပါတယ်။

ဒီလိုမတော်တဆမှု တွေမဖြစ်အောင် ဆောဒီနိုင်ငံက သယ်ယူပို့ဆောင်ရေးနဲ့ အခြားဆောက်လုပ်ရေးတွေပိုကောင်းအောင် ဒေါ်လာဘီလျံ များစွာအကုန်ခံ သုံးစွဲခဲ့ပါတယ်။ ဘုရားဖူးပေါင်း၂ဒသမ၂သန်းလောက် တပြိုင်ထဲ လာရောက်နိုင်အောင် ဆော်ဒီအာဏာပိုင်တွေက မနှစ်ကစလို့ ဧရိယာ စတုရန်းပေ ၄သန်း ကျော်တိုးချဲ့ဆောက်လုပ် နေပါတယ်။ အခုမတော်တဆ မှုဟာ နှစ်အတော်ကြာ အတွင်း အဆိုးဆုံးဖြစ်ပြီး အစ္စလမ်မှာ အထွဋ်အမြတ်ဆုံးထားတဲ့ မက္ကာကို ကာကွယ် စောင့်ရှောက်နေတဲ့ ဆော်ဒီ ဘုရင်မိသားစု အတွက်တော့ အလွန်အထိနာစေပါတယ်။ ဒါပေမယ့် လာမယ့် ၁၀ရက်လောက် အတွင်း စတော့မယ့် ဟတ်ဂျ် ဘုရားဖူးတွေကတော့ အခုဖြစ်ရပ်ကြောင့် သူတို့ခရီးစဉ်တွေကို ရပ်ဆိုင်း သွာစေမှာမဟုတ်ဘူးလို့ ဘီဘီစီ အာရပ်ရေးရာ အယ်ဒီတာက ပြောသွားပါတယ်။