ဆားဘီးယား ဟန်ဂေရီနယ်စပ် ပိတ်လို့ ဒုက္ခသည်သောင်တင်

bbc_304x171_bbc
Image caption ဟန်ဂေရီ နဲ့ ဆားဘီးယား နယ်စပ်

ဥရောပ ဘက်မှာ နေ့စဉ် လို ထွက်ပေါ် နေတဲ့ သတင်း ကတော့ ခိုလှုံဖို့ ထွက်ပြေး လာကြတဲ့ ဒုက္ခသည် အရေး ကိစ္စ ပါပဲ။ ပြီးခဲ့ တဲ့ ရက် က ဟန်ဂေရီ အစိုးရ က သူ့ ပိုင်နက် ထဲ ဝင်လာကြမှာ စိုးတဲ့ အတွက် ဆားဘီးယား နဲ့ ထိစပ်နေတဲ့ တောင်ဘက် နယ်စပ် ဘက်တွေ မှာ သံစည်းရိုး တွေ အထပ်ထပ် ကာရံ လိုက်ပါတယ်။

အဲဒီ အတွက် ဒုက္ခသည် တွေ ဟာ ဆားဘီးယား ဘက် မှာ ပိတ်မိ နေကြပါတယ်။ အထူးသဖြင့် ရာနဲ့ ချီတဲ့ လူတွေ ဟာ ဆားဘီးယား နဲ့ ဟန်ဂေရီ နယ်စပ် ရှိ မြို့ အနီးမှာ ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာကဲလ် နာမည် ရေးထိုးထားတဲ့ ဆိုင်းပုဒ် နဲ့ ဥရောပ ရှက်ဖွယ် ဆိုတဲ့ ဆိုင်းပုဒ် တွေ ကို ကိုင်ဆောင် ထားယင်း အရံအတား တွေ မလိုချင်ဘူး ဆိုတာတွေ အော်ဟစ်နေကြပါတယ်။

ဟန်ဂေရီ ဟာ ဆားဘီးယား နယ်စပ် ဘက်မှာတင် မဟုတ်ပါဘူး။ ရိုမေးနီးယား နယ်စပ် ဘက် မှာတောင် စည်းရိုးခတ် အရံအတား လုပ်မဲ့ အကြောင်း ဟန်ဂေရီ နိုင်ငံခြားရေး ဝန်ကြီး ပေတယ် ဆီယာတို က ပြောပါတယ်။

ဒါဆိုရင် နယ်စပ်ရောက် ဒုက္ခသည် ပြဿနာ ကို ဟန်ဂေရီ အစိုးရ နဲ့ ညှိနှိုင်းမှု မပြု ဘူးလား လို့ ဘီဘီစီ သတင်းထောက် က ဆားဘီးယား မှ ခိုလှုံလာသူတွေ အရေး ကိုင်တွယ်နေတဲ့ ဝန်ကြီး အလက်ဇန်းဒါး ဗူလင် ကို မေးရာမှာ ညှိနှိုင်း မှုတွေ ပြုတဲ့ အကြောင်း၊ ဟန်ဂေရီ အရာရှိတွေ၊ ရဲအရာရှိ နဲ့ စည်းရိုး အနား မှာ ပြောဖြစ် တဲ့ အကြောင်းရှင်းပြပါတယ်။

တခြား သင့်တော်တဲ့ နေရာ မှာ ဆွေးနွေးရအောင် ပါ ဆိုတာ ကို သူတို့ က လက်မခံ လို့ လူသား တယောက် အနေနဲ့ စဉ်းစားကြည့်ရင် အင်မတန် ရှက် ဖို့ ကောင်းပါတယ် လို့ ဝန်ကြီး အလက်ဇန်းဒါး ဗူလင် ပြောပါတယ်။

စည်းရိုးကို ဖေါက်ထွက် ဖို့ ကြိုးစား သူတွေ ကို လည်း ဟန်ဂေရီ ရဲ တွေ က ဖမ်းပါသေးတယ်။ မနေ့ က ဆိုရင် လူ ၆၀ ကျော် အဖမ်းခံ ရပါတယ်။ ဟန်ဂေရီ တောင်ပိုင်း ပြည်နယ် တွေ ဘက် မှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထား ယင်း ရဲတွေ ကို လည်း လုပ်ပိုင်ခွင့် အာဏာ တိုးပေးရေး ဥပဒေ လည်း ထုတ်ပြန် လိုက်ပါပြီ။

ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ ရဲ့ ပြောခွင့်ရ အမျိုးသမီး မီယာရာနာ မလန်ကောဗ့် စကီး ကလည်း ဒီ ဒုက္ခသည်တွေ တရွေ့ရွေ့ သွား နေတာကို နယ်စပ်ဂိတ်တွေ မှာ နှေးကွေး အောင် လုပ်လိုက်ရင် မြောက်ဘက် နယ်စပ်တွေ ဘက်မှာ စုပြုံနေပြီး ခိုလှုံ စရာ နေရာ ထိုင်ခင်း၊ အစားအသောက် နဲ့ ရေ၊ သန့်စင်ဖို့ နေရာ၊ လိုအပ်တဲ့ ဆေးဝါး စသဖြင့် ပိုလိုအပ် လာကြမှာ လို့ ဆိုပါတယ်။

ဆားဘီးယား အာဏာပိုင်တွေ အနေနဲ့ လည်း UNHCR ရဲ့ အကူအညီ နဲ့ ပြင်ဆင်ထားတဲ့ အပိုင်းရှိသလို ကြိုဆို နေရာချထားရေး စခန်း ငယ်တွေ အတွက် နေရာ အကွက်အကွင်းလည်း ကြည့်နေပါပြီ လို့ ရှင်းပြပါတယ်။