ရွှေ့ပြောင်း ဒုက္ခသည် အရေး EU အရေးပေါ် စည်းဝေးမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ခရိုအေးရှားမှာ ဘတ်စကားစောင့်နေကြတဲ့ဒုက္ခသည်တွေ

ရွှေ့ပြောင်း ဒုက္ခသည် ပြဿနာကို ဘယ်လို ကိုင်တွယ် ဖြေရှင်း ကြမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဥရောပ နိုင်ငံ ခေါင်းဆောင်တွေ ဘရပ်ဆဲလ် မြို့မှာ အရေးပေါ် အစည်း အဝေး တရပ် ကျင်းပဖို့ ရှိပါတယ်။

ဥရောပ သမဂ္ဂ နိုင်ငံ တွေရဲ့ နယ်စပ် တွေကို ပိုလုံခြုံအောင် လုပ်ရေးနဲ့ ရွှေ့ပြောင်း ဒုက္ခသည် အများအပြား ဝင်လာရာ ဆီးရီးယား နိုင်ငံနဲ့ ကပ်လျက် အိမ်နီးချင်း နိုင်ငံတွေ အပေါ် အထောက်အပံ့ တွေ ပိုတိုး ပေးရေး အပါအဝင် ရေရှည် ဖြေရှင်း နည်းတွေကို ဒီထိပ်သီး ဆွေးနွေးပွဲ မှာ အဓိက ထား ဆွေးနွေး ကြမှာပါ။

ရွှေ့ပြောင်း ဒုက္ခသည် တွေရဲ့ ဒဏ်ကို မနိုင်မနင်း ရင်ဆိုင် နေရတဲ့ ဂရိစ်လို နိုင်ငံမျိုး တွေကို အကူအညီ ပေးဖို့ EU ကမ်းခြေစောင့် တပ်ဖွဲ့ တခု ထူထောင်ဖို့ ဥရောပ ကော်မရှင်က လိုလား နေတာပါ။

ဒါပေမယ့် လည်း EU အဖွဲ့ဝင် နိုင်ငံတွေ အကြားမှာ နိုင်ငံရေး သဘောထား ကွဲမှုတွေ အထူးသဖြင့် ရွှေ့ပြောင်း ဒုက္ခသည်တွေ လက်ခံ နေရာ ချထားရေး လို ကိစ္စမျိုး တွေမှာ အကြီးအကျယ် သဘော ကွဲလွဲ နေကြတဲ့ အတွက် ဆွေးနွေး ပြောဆိုမှု တွေမှာ နှောင့်နှေး မှုတွေ ဆက်ဖြစ် နေဆဲ ဖြစ်ပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည် တွေကို ခွဲတမ်း စနစ်နဲ့ မလုပ် မနေရ လက်ခံ နေရာ ချထားရေး အဆိုကို အင်္ဂါနေ့ တုန်းက EU ပြည်ထဲရေး ဝန်ကြီး တွေက ထောက်ခံမဲ အများစုနဲ့ အတည်ပြု ခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေ ကြောင်းအရ တရား ရင်ဆိုင် ကန့်ကွက် သွားမယ်လို့ ဆလို ဗက်ကီးယား ဝန်ကြီးချုပ် Robert Fico က ပြောပါတယ်။