IS အစ္စလာမ်မစ် နိုင်ငံ အရေး ထိပ်သီးဆွေးနွေး

barack_obamal_ban_ki-moon_ ဓာတ်ပုံ မူပိုင် AP
Image caption အိုဘားမား နဲ့ ဘန်ကီမွန်း ဆွေးနွေး

အမေရိကန်သမ္မတ အိုဘားမား က ကုလသမဂ္ဂ အထွေထွေ ညီလာခံ လာတက်ယင်း သီးခြား ဆွေးနွေးပွဲ တရပ် ကျင်းပပြီး အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့ ချေမှုန်းရေး ကို တင်ပြခဲ့ပါတယ်။ အိုင်အက်စ် ကို နှိမ်နင်းရေး အပိုင်းဟာ ရေရှည် တိုက်ပွဲ ဖြစ်ပေမဲ့ ဒီ အကြမ်းဖက် အဖွဲ့ မုချ ကျဆုံးရမယ် လို့ ပြောပါတယ်

လူ့သမိုင်း တလျှောက်လုံး ကို ပြန် ကြည့်မယ် ဆိုရင် အကြမ်းဖက်သမားတွေ နဲ့ နိုင်လိုမင်းထက် အာဏာရှင် တွေ ဟာ ကျဆုံးရ စမြဲ မို့ အိုင်အက်စ် လည်း ဒီလမ်းစဉ် ပဲ လိုက်မဲ့ အကြောင်း၊ သူတို့ ဘက်က လူထု ကို ကောင်းကျိုးချမ်းသာ ရယ် လို့ ဘာမှ လုပ် မပေးနိုင်ပဲ စိတ်နှလုံး ကြေကွဲမှု တွေ နဲ့ သေခြင်း တရား ကို သာ ယူဆောင်ခဲ့ ကြောင်း၊ ဒါကြောင့်မို့ လူထု အနေနဲ့ ရက်စက် ကြမ်းတမ်း တဲ့ ဘဝ မှာ ရေရှည် မနေနိုင် ရာက သူတို့ ရဲ့ ထိန်းချုပ်မှု အောက်က လွတ်အောင် ရုန်းမှာမို့ သူတို့ အပေါ်မှာ အသာစီးရမှာပါ လို့ သမ္မတ အိုဘားမား ကပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့ က လူငယ်တွေ ကို ဝါဒဖြန့် သိမ်းသွင်းတဲ့ အထဲ မပါအောင် လူငယ် တွေ နဲ့ ထိတွေ့မှု များအောင် ကြိုးပမ်း ဖို့ လိုတဲ့ အကြောင်း နဲ့ လူငယ်တွေ နဲ့ အတွေးအခေါ် အယူအဆ တွေ ဖလှယ်မယ်၊ ဆက်ဆံမှု တွေ ကိုလည်း လူမှု ကွန်ယက် တွေ က တဆင့် ဆက်သွယ်နေမယ် ဆိုရင်၊ တဖက် က စွန့်စားခန်းတွေ နဲ့ စစ်ချီသံ တွေ ပေးနေ ပေမဲ့ တကယ်တော့ ထိတ်လန့်ဘွယ်ရာ၊ ကြေကွဲစရာ တွေနဲ့ ပဲ နိဂုံးချုပ်ရတယ် ဆိုတာ ကို အသိပေးဖို့ လိုပါတယ် လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။

အမေရိကန် ဘက် က အကောင်အထည်ဖေါ်မဲ့ အစီအစဉ် ကတော့ သူတို့ ကို ငွေကြေး ထောက်ပံ့နေတဲ့ လမ်းကြောင်း ကို ဖြတ်ရမှာမို့ ငွေကြေး အထောက်ပြုနေတဲ့ ပုဂ္ဂိုလ်တွေ နဲ့ အဖွဲ့တွေ ရဲ့ ပိုင်ဆိုင်မှု ကို ပထမ အဆင့် အနေနဲ့ ထိန်းချုပ် ပိတ်ဆို့ လိုက်ပါပြီ။ အဲဒီ အထဲမှာ ဗြိတိသျှ၊ ပြင်သစ် နဲ့ ရုရှ လူမျိုးတွေ ပါဝင် နေပါတယ်။