ပါလက်စတိုင်းအလံ ကုလသမဂ္ဂမှာ လွှင့်ထူ

palestine_flag ဓာတ်ပုံ မူပိုင် AFP
Image caption ကုလရုံးချုပ် က ပါလက်စတိုင်း အလံလွှင့်ထူတဲ့ အခမ်းအနား

နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ပထမဆုံး အကြိမ် အဖြစ် ပါလက်စတိုင်း အလံ လွှင့်ထူတဲ့ အခမ်းအနားကို ပါလက်စတိုင်း ခေါင်းဆောင် မာမွတ်ဒ် အဘာ့စ် တက်ရောက်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီ မွန်းက ဒီအခမ်းအနားဟာ ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ပါလက်စတိုင်းတွေအတွက် ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ချက်နေ့ တနေ့ ဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မစ္စတာ အဘာ့စ်က ပါလက်စတိုင်း လူမျိုးတွေအနေနဲ့ အစ္စရေးနဲ့ လက်မှတ် ရေးထိုးထားတဲ့ သဘောတူချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်နိုင်မှာ မဟုတ်တော့ဘူးလို့ ပြောသွားပါတယ်။

၁၉၉၃ခုနှစ်တုန်းက လက်မှတ်ရေးထိုးခဲ့တဲ့ Oslo သဘောတူ စာချုပ်ကို အစ္စရေးတို့ဘက်က ဆက်တိုက် ချိုးဖောက်နေတယ်လို့ သူက စွပ်စွဲ ပြောဆိုသွားပါတယ်။

ဒါနဲ့ ပတ်သက်လို့ အစ္စရေး ဝန်ကြီးချုပ်ရုံးက မစ္စတာ အဘာ့စ်ဟာ အရှေ့အလယ်ပိုင်း ဒေသတွင်း မငြိမ်မသက် ဖြစ်အောင် သွေးထိုး လှုံ့ဆော်နေတယ် ဆိုပြီး တုန့်ပြန် ပြောကြားလိုက်ပါတယ်။