အမေရိကန်က ဆီးရီးယား သူပုန်တွေကို လေ့ကျင့်ပေးမှုရပ်ဆိုင်း

အမေရိကန်တို့လေကြောင်းမှတိုက်ခိုက်မှု ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်တို့လေကြောင်းမှတိုက်ခိုက်မှု

အမေရိကန်နိုင်ငံက ဆီးရီးယား သူပုန်တွေကို လေ့ကျင့် သင်တန်းပေးတာ အဆုံးသတ်ပြီး ရှိပြီးသားတပ်ဖွဲ့တွေကိုပဲ လက်နက်နဲ့ ပစ္စည်း ကရိယာတွေ ပေးတော့မယ်လို့ ပြောပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carterက အခုအခြား နည်းလမ်းရှာပြီး လုပ်ကိုင်မှာဖြစ်သလို ဆီးရီးယား အတိုက်အခံတွေကို လေ့ကျင့် ပေးသွားမှာလို့ လန်ဒန်မှာလုပ်တဲ့ သတင်းစာ ရှင်းပွဲမှာ ပြောပါတယ်။

အမေရိကန် ဒေါ်လာသန်း ၅၀၀သုံးစွဲတဲ့ ဒီအစီအစဉ်မှာ အမေရိကန် လေ့ကျင့်ထားတဲ့ သူပုန်တွေဟာ ကျည်ဆံတွေ မော်တော်ယာဉ်တွေကို အစွန်းရောက် သမားတွေကို လွှဲပေးတယ်လို့ သတင်းတွေ ပေါ်ထွက်လာတဲ့အတွက် အကြီးအကျယ် အဝေဖန် ခံရပါတယ်။ အခုနှစ်မှာ သူပုန်၅၄၀၀ကို လေ့ကျင့်ဖို့ရ ည်မှန်းထားပြီး၂၀၁၆မှာ လူပေါင်း ၁၅၀၀၀ အထိလေ့ကျင့်ပေးဖို့ အစီအစဉ်ရှိပါတယ်။ အခုအစီအစဉ် ပျက်ရတာဟာ အောက်ခြေမှာ ကြီးမားထိရောက်ပြီး အစွန်းမရောက်တဲ့ အဖွဲ့တွေကို မဖန်တီးနိုင်တဲ့ ကျယ်ပြန့်တဲ့ ပြဿနာ ကြောင့်လို့ ဘီဘီစီ ကာကွယ်ရေးဆိုင်ရာ သတင်းထောက်Johnathan Marcus ကပြောပါတယ်။

ဒီအစီအစဉ်အနေနဲ့ အမေရိကတိုက်နိုင်ငံတွေ ပင်လယ်ကွေ့ တိုင်းပြည်တွေနဲ့ တူရကီ ဂျော်ဒန်စတဲ့နိုင်ငံတွေ အတွက်အထောက်ကူ ပေးတဲ့ လှုပ်ရှားမှုတွေမှာ ကူညီဆောင်ရွက်နေလို့ အခုလို ရပ်ဆိုင်းမှုကြောင့် ပိုကျယ်ပြန့်တဲ့ ရိုက်ခတ်မှုတွေ ရှိနိုင်ပါတယ်။ အမေရိကန်အစိုးရဟာ မြေပြင်မှာ ဖြစ်နေတာတွေကို လွှမ်းမိုးဖို့ နဂိုက အကန့်အသတ်တွေ ရှိနေပါတယ်။ အခု အစီအစဉ်မအောင်မြင်တာက အမေရိကန်တို့ရဲ့ မြင်ပြင်ကိုလွှမ်းမိုးနိုင်မယ့်အခြေအနေပိုကျဆင်းသွားပြီလို့ Johnathan Marcusက သုံးသပ်သွားပါတယ်။