အစ္စရေး ပါလက်စတိုင်း တိုက်ခိုက်မှုအမေရိကန် သတိပေး

israel_stabbings ဓာတ်ပုံ မူပိုင် EPA
Image caption အစ္စရေး ပါလက်စတိုင်း တိုက်ခိုက်မှု

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေမှာ ဆူပူ အုံကြွမှုတွေ ရုတ်တရက် တိုးပွား လာနေတာနဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ သတိပေးချက်တရပ် ထုတ်ပြန် လိုက်ပါတယ်။ ဒါကြောင့် အခု ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ သွေးထိုး လှုံ့ဆော်မှု တွေ မှန်သမျှကိုတော့ ရပ်တန်းက ရပ်ကြဖို့ John Kerry ကပြောပါတယ်။

ဂျေရုဆလင်မြို့မှာ အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း အင်္ဂါနေ့တုန်းက အစ္စရေး လူမျိုး သုံးဦး သေဆုံးခဲ့ပါတယ်။ လတ်တလော တိုက်ခိုက်မှု ကတော့ ပါလက်စတိုင်း နှစ်ဦး ဟာ ဘတ်စ်ကားပေါ် တက်လာပြီး အသင့် ပါလာတဲ့ သေနတ် နဲ့ ခရီးသည် တွေ ကို ပစ်ခတ်မှု ပြု သလို ဓါးနဲ့ လည်း ထိုးပါတယ်။ ဒီအခါ မှာ လူနှစ်ဦး သေဆုံးပြီး အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာ ရသွားပါတယ်။

အခင်းဖြစ်ပွားမှု နဲ့ မိနစ် အနည်းသာ ခြားပြီး ပါလက်စတိုင်း အမျိုးသား တဦးဟာ သူ့ကားနဲ့ ဘတ်စ် ကားမှတ်တိုင် ကို ဝင်တိုက်ယင်း ကားပေါ်က ဆင်းပြီးတဲ့ နောက် မှာ အနီးက လူတွေ ကို ဓါးနဲ့ လိုက်ထိုးပါတယ်။ တဲလ်အဗစ် မြို့ အနီးမှာလည်း ဓါးထိုးမှု ဖြစ်ခဲ့ပါတယ်။

အခုလို အကြမ်းဖက် တိုက်ခိုက်မှု တွေ အပေါ် မှာ ဝန်ကြီးချုပ် နေတန်ညာ ဟု ကတော့ သူတို့ အနေနဲ့ အစ္စရေး ရဲ့ မြို့ရွာ အသီးသီး မှာ ဘေးရန် ကင်းရှင်းမှု ရှိဖို့ ဘယ်နည်း နဲ့ မဆို ကာကွယ် စောင့်ရှောက် ရမှာပဲ လို့ ပါလီမန် မှာ ပြောသွားပါတယ်။

တဘက် က ပါလက်စတိုင်းဝါရင့် နိုင်ငံရေးသမား မွတ်စ်တာဖါ ဘဂူတီ ကတော့ အခု ဖြစ်ရပ်တွေ က တဦးတယောက်ချင်း ကျူးလွန်တဲ့ ပြစ်မှု တွေ ဖြစ်တဲ့ အကြောင်း၊ အစ္စရေး တွေ ဖက် က ပါလက်စတိုင်း ကလေးတွေ ကိုပင် လမ်းမထက် မှာ ပစ်သတ် တာတွေ ဟာ သာမန် အစ္စရေး အရပ်သား တွေ မဟုတ် ပဲ အစ္စရေး စစ်တပ် က ကျူးလွန်တာ ကိုတော့ အစ္စရေး ဝန်ကြီးချုပ် က မပြောဘူး။ မပြောဆို သူညွှန်ကြားထား တာ လို့ ဆိုပါတယ်။

ဂျူးတွေက Temple Mountလို့ အမည်ပေးထားတဲ့ အယ်လ် အက္ကဆာ ဗလီ ကျောင်းဝန်းထဲ ပါလက်စတိုင်းတွေ ဝင်ခွင့်ရရေးနဲ့ ပတ်သက်လို့ တင်းမာမှုတွေ သီတင်းပတ် နဲ့ချီ ဖြစ်ပွားခဲ့ အပြီး အကြမ်းဖက်မှုတွေ တိုးပွားလာခဲ့တာပါ။

အရှေ့ ဂျေရုဆလင်မှာ ရှိတဲ့ ပါလက်စတိုင်း ရပ်ကွက်တွေကို ပိတ်ဆို့ထားသင့်မသင့်ကို အစ္စရေး အစိုးရက အခုအခါ သုံးသပ်နေပါတယ်။ ဒါကြောင့် မို့ နှစ်ဘက် ငြိမ်းချမ်းရေး ရဖို့ က မှေးမှိန်ဆဲ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။