ပါလက်စတိုင်း လက်ချက်နဲ့ အစ္စရေး နှစ်ဦး သေဆုံး

ဓာတ်ပုံ မူပိုင် Getty
Image caption အစ္စရေး အမျိုးသမီးကို ဓါးနဲ့ ထိုးခဲ့တဲ့ ပါလက်စတိုင်းကို ရဲက အသေပစ်သတ်ခဲ့

အစ္စရေးလူမျိုးတွေအပေါ် ပါလက်စတိုင်း လူမျိုးတွေရဲ့ တိုက်ခိုက်မှုတွေ တိုးပွားလာ ခဲ့အပြီး အရှေ့ ဂျေရုဆလင်မြို့က အာရပ်တွေ နေထိုင်ရာ ရပ်ကွက်တွေမှာ အစ္စရေး တပ်ဖွဲ့တွေက လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်ပါတယ်။

အစ္စရေး ၃ဦးကို အင်္ဂါနေ့တုန်းက သတ်ခဲ့သူတွေ ဆိုတဲ့ လူ၃ဦး နေထိုင်ရာ ဂျဘာလ် မူခါဘာ ရပ်ကွက်ထဲ ဝင်တဲ့ လမ်းတွေကို ရဲတွေက ဗုဒ္ဓဟူးနေ့မနက်က ပိတ်ဆို့ထားလိုက်အပြီးမှာ ဂျေရုဆလင်မြို့ ဘတ်စ်ကားဂိတ်တခုမှာ အစ္စရေး အမျိုးသမီး တဦးကို ပါလက်စတိုင်းတဦးက ဓါးနဲ့ ထိုးခဲ့တဲ့အတွက် အဲဒီလူကို အစ္စရေးရဲတွေက အသေပစ်သတ်ခဲ့ပါတယ်။

တခါ Old City မြို့ဟောင်းရဲ့ ဒမာ့စကပ်စ် ဂိတ်ဝမှာ ပါလက်စတိုင်းတဦးက ရဲတဦးကို ဓါးနဲ့ ထိုးဖို့ ကြိုးစားခဲ့တဲ့အတွက် အဲဒီ လူကို လည်း ပစ်သတ်ခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကတည်းကစလို့ ပါလက်စတိုင်းတွေရဲ့ ပစ်ခတ်မှု၊ ဓါးထိုး တိုက်ခိုက်မှုတွေကြောင့် အစ္စရေး ၇ဦး သေဆုံးခဲ့ပြီး အတော်များများ ဒဏ်ရာရခဲ့ကြတယ်လို့ အစ္စရေး အာဏာပိုင်တွေက ပြောပါတယ်။

ပါလက်စတိုင်းတွေဘက်ကို ကြည့်မယ် ဆိုရင်လည်း ရန်ပြု တိုက်ခိုက်ခဲ့သူတွေ အပါအဝင် အနည်းဆုံး ၃၀လောက် အသတ်ခံခဲ့ရပြီး ရာနဲ့ချီ ဒဏ်ရာ ရခဲ့ကြတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အကြမ်းဖက်မှုတွေ စဖြစ်ခဲ့ပြီးကတည်းက ပထမဆုံးအကြိမ် ရုပ်မြင်သံကြားပေါ်ကနေ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ပါလက်စတိုင်း သမ္မတ မာမွတ်ဒ် အဘာ့စ်က အစ္စရေးတို့ရဲ့ လုပ်ရပ်တွေဟာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာအောင် လုပ်နေတာ ဆိုပြီး စွပ်စွဲ ပြောသွားပါတယ်။

ပါလက်စတိုင်းလူမျိုးတွေ အနေနဲ့ကတော့ အရင်ကလည်း သွေးချောင်းစီးခဲ့ပြီးပြီ ဖြစ်ပြီး တိုင်းပြည်ထူထောင်ရေးအတွက် ဆက်တိုက်ပွဲ ဝင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျာမင် နက်တာညာဟုက တော့ အခုလို လုံခြုံရေးတွေ တိုးချလိုက်တာဟာ သတ်ဖြတ်မှုတွေ လုပ်ဖို့ ကြိုးစားနေသူတွေနဲ့ အဲဒီလူတွေကို ကူညီပေးနေသူတွေ အားလုံးကို ပစ်မှတ်ထား လုပ်နေတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေး အလားအလာ မျှော်လင့်ချက် သိပ်မရှိတဲ့အချိန်မျိုးမှာ အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အစ္စရေးနိုင်ငံထဲမှာ ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေပြီး ပါလက်စတိုင်း အုံကြွမှုတွေ ထပ်ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဂေျရုဆလင်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Yolande Knell က ပြောပါတယ်။