ကား ၂.၄ သန်း ပြန်ခေါ်ဖို့ ဗောက်စ်ဝက်ဂွန်ကို ညွှန်ကြား

ဓာတ်ပုံ မူပိုင် AFP

အိတ်ဇောငွေ့ အရှုပ်တော်ပုံရဲ့ နောက်ဆက်တွဲ ရလဒ်တစ်ခု အဖြစ် ဂျာမနီနိုင်ငံမှာ ဗောက်စ်ဝက်ဂွန်ကား ၂.၄ သန်းကို ပြန်ရုပ်သိမ်းပေးဖို့ ဂျာမနီရဲ့ မော်တော်ယာဉ် စိစစ်ရေး အဖွဲ့က ဗောက်စ်ဝက်ဂွန် ကုမ္ပဏီကို ညွှန်ကြား လိုက်ပါတယ်။

ဗောက်စ်ဂွန် ကားပိုင်ရှင်တွေ ကိုယ့်သဘောနဲ့ကိုယ် လာရောက် ပြင်ဆင်ကြဖို့ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီရဲ့ ကမ်းလှမ်းချက်ကို ဂျာမနီ မော်တော်ယာဉ် စိစစ်ရေးအဖွဲ့က အစောပိုင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာ အီတလီ နိုင်ငံမှာလည်း ဗောက်စ်ဝက်ဂွန် ရုံးခန်းတွေနဲ့ လမ်ဘော်ဂီနီ ရုံးခန်းတွေကို ရဲတွေ ဝင်ရောက် ရှာဖွေ ခဲ့ကြပါတယ်။

သီးခြား ဖြစ်ရပ် အနေနဲ့ ဗောက်စ်ဝက်ဂွန် ကုမ္ပဏီရဲ့ မြောက်အမေရိက အကြီးအကဲ ဖြစ်လာဖို့ရှိတဲ့ Winfried Vahland ဆိုသူ မန်နေဂျာ တစ်ဦးဟာလည်း ရာထူးကနေ နုတ်ထွက် ခဲ့ပါတယ်။

ဗောက်စ်ဝက်ဂွန်ရဲ့ ဒီဇယ်ကားတွေမှာ အိတ်ဇောငွေ့ ထုတ်လွှတ်မှု စစ်ဆေးချက်တွေကို လွဲမှားစေတဲ့ ကိရိယာတစ်ခု တပ်ဆင် ခဲ့ကြောင်း ပြီးခဲ့တဲ့လက အမေရိကန် အာဏာပိုင်တွေ တွေ့ရှိခဲ့ရာကနေ ဒီအရှုပ်တော်ပုံ ပေါ်ပေါက် ခဲ့တာပါ။

အဲဒီ ကိရိယာ တပ်ဆင်ထားတဲ့ ဗောက်စ်ဝက်ဂွန် ကားစင်းရေဟာ ကမ္ဘာတလွှားမှာ ၁၁ သန်း ရှိတယ်လို့ ဗောက်စ်ဝက်ဂွန်က ဝန်ခံ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ