ကမ္ဘာ့နိုင်ငံတချို့မှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့

_ivory_coast_election_ ဓာတ်ပုံ မူပိုင် Reuters
Image caption အိုင်ဗရီကို့စ် မှာ လူ ၃ ထောင်ကျော် သေဆုံးခဲ့ရတဲ့ လွန်ခဲ့တဲ့ ၅ နှစ် က ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ နောက်ပိုင်း ပထမဆုံး အကြိမ် အနေ နဲ့ သမ္မတ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပ ခဲ့။

အနောက် အာဖရိက နိုင်ငံ ဖြစ်တဲ့ အိုင်ဗရီကို့စ် မှာ လူ ၃ ထောင်ကျော် သေဆုံး ခဲ့ရတဲ့ လွန်ခဲ့တဲ့ ၅ နှစ် က ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခ နောက်ပိုင်း ပထမဆုံး အကြိမ် အနေ နဲ့ သမ္မတ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပ ခဲ့ ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခု လုံးဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိလို့ ဆိုပြီး အတိုက်အခံ ကိုယ်စားလှယ်လောင်း တော်တော်များများ နှုတ်ထွက် ခဲ့ကြတဲ့ အတွက် လက်ရှိ သမ္မတ အာလက်ဆန် ဝါ့ထားရား ပဲ ဒုတိယ သက်တမ်း အဖြစ် အနိုင် ရမယ့်ပုံ ရှိနေပါတယ်။

လာရောက် မဲပေး ခဲ့ကြသူ အရေအတွက် နည်းပါးပြီး ကွန်ပျုတာ စံနစ် ချို့ယွင်းမှု ကြောင့် မဲပေး ရာမှာလည်း ကြန့်ကြာ နှောင့်နှေးမှု တွေ ဖြစ်ပေါ်ခဲ့တယ် လို့ သတင်းထောက် တွေက ပြောပါ တယ်။

ဒါပေမယ့်၊ အာဖရိက အရှေ့ပိုင်း တိုင်းပြည် ဖြစ်တဲ့ တန်းဇေးနီးယား မှာ ပြုလုပ် ခဲ့တဲ့ ရွေးကောက်ပွဲ မှာတော့ လူ အတော်များများ လာရောက် မဲ ပေးခဲ့ ကြတယ် ဆိုပြီး တန်းဇေးနီးယား ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။

တန်ဇေးနီးယား မှာ နှစ်ပေါင်း ၅၀ ကျော် အာဏာ ရယူ ထားတဲ့ CCM ပါတီ အတွက် အခု တစ်ခေါက် မှာတော့ အကြိတ်အနယ် အယှဉ်ပြိုင် ရဆုံး ရွေးကောက် ပွဲ ဖြစ်ခဲ့ ပါတယ်။

CCM ပါတီရဲ့ သမ္မတလောင်း ဂျွန် မာဂူဖူလီ နဲ့ CCM ပါတီ က နှုတ်ထွက် သွားတဲ့ ဝန်ကြီးချုပ်ဟောင်း အက်ဒွပ် လိုဝါးဆား တို့ နှစ်ယောက် အနက် ဘယ်သူ နိုင်မယ် ဆိုတာ ယတိပြတ် ခန့်မှန်းဖို့ ခက်တယ် လို့ လေ့လာသူတွေ က ဆိုပါတယ်။

တခါ၊ အာဂျင်တီးနား သမ္မတ ရွေးကောက်ပွဲ ကို ကြည့်ပြန်ရင်လည်း တနင်္ဂနွေ နေ့ မနက် အစောပိုင်း ကတည်းက မဲရုံတွေ ရှေ့မှာ လူတန်းရှည် ကြီး ဖြစ်နေပါတယ်။

သက်တမ်း ၂ ကြိမ် ထမ်းဆောင် ခဲ့ပြီး ဖြစ်တဲ့ လက်ရှိ အမျိုးသမီး သမ္မတ ခရစ္စတီးနား ဖာနန်းဒက်ဇ် ကီယာ့ချ်နာ တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အခု ရွေးကောက်ပွဲ မှာ မဝင်ရောက် နိုင်တော့ ပါဘူး။

ဒါပေမယ့် အနိုင်ရဖို့ ရေပန်းစားနေသူ ကတော့ မစ္စ ဖာနန်းဒက်ဇ် ကိုယ်တိုင် ရွေးချယ် ထားတဲ့ ဒဲန်နီရဲလ် ဆီအိုလီ ဖြစ်ပါတယ်။

အမြန် မော်တော်ဘုတ် ရေယာဉ် မောင်း ပြိုင်ပွဲ မှာ ကမ္ဘာ့ ချန်ပီယံ ဖြစ်ဖူးပြီး ပြိုင်ပွဲ တစ်ခု အတွင်း မှာပဲ ညာဘက်လက် ဆုံးရှုံးခဲ့ရတဲ့ မစ္စတာ ဆီအိုလီ ကို အခု ရွေးကောက်ပွဲမှာ အနီးကပ်ဆုံး ယှဉ်ပြိုင်နိုင်သူ ကတော့ ဗွေနိုဆိုင်ရီးစ် မြို့တော်ဝန် မာရီဆီယို မာခရီ ဖြစ်ပါတယ်။

ပိုလန် နိုင်ငံရဲ့ ပါလီမန် ရွေးကောက်ပွဲ အပြီး မှာလည်း မဲပေး ခဲ့သူတွေကို ကောက်ခံ ကြည့်တဲ့ စစ်တမ်းတွေ အရ အီးယူ အဖွဲ့ အဖြစ် စုပေါင်း ဖွဲ့စည်းတာထက် တနိုင်ငံချင်းစီ ရဲ့ လွတ်လပ်မှုကို ပိုပြီး လိုလားတဲ့ အဓိက အတိုက်အခံ လက်ျာပါတီ က သိသိသာသာ ဦးဆောင် နေတာ တွေ့ရပါတယ်။

အဲဒီ့ ဥပေဒနဲ့ တရားမျှတမှု ပါတီ လို့ခေါ်တဲ့ အတိုက်အခံ ပါတီသာ မျှော်မှန်း ထားသလို မဲအားလုံးရဲ့ ၃၉ % ရနိုင်ခဲ့ရင် သူတို့ တစ်ပါတီ တည်းနဲ့ အစိုးရ ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။

အခုဆိုရင် အဲဒီ့ ပါတီ ခေါင်းဆောင် ယာရော့စ်ဝက်ဖ် ကာ့ချင်းစကီး က ရွေးကောက်ပွဲ နိုင်ကြောင်း ကြေညာ လိုက်သလို၊ လက်ရှိ ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် အယ်ဗာ ကော့ပ်အက်ချ် ကလည်း ရှုံးနိမ့်ကြောင်း ဝန်ခံ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ