ပြုပြင်ထားတဲ့ အသားတွေကြောင့် ကင်ဆာ ဖြစ်နိုင်

ဓာတ်ပုံ မူပိုင် Thinkstock

ပြုပြင် ထားတဲ့ အသားတွေကို စားသုံးခြင်းကြောင့် ကင်ဆာ ရောဂါကို ဖြစ်ပွား စေနိုင်တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ရဲ့ အစီရင်ခံစာ အသစ်မှာ ဖော်ပြ ထားပါတယ်။

ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းရင်း အုပ်စု ၅ ခုရဲ့ ထိပ်ဆုံး အုပ်စုထဲမှာ ဆေးလိပ်သောက်ခြင်းနဲ့ အတူ ဝက်ပေါင်ခြောက်၊ ဝက်ဆားနယ်ခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်း တို့လို ပြုပြင်ထားတဲ့ အသားတွေကို ထည့်သွင်း ဖော်ပြ ထားပါတယ်။

ပြုပြင်ထားတဲ့ အသား မဟုတ်ပေမယ့် Red meat လို့ ခေါ်တဲ့ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ သိုးသားတွေကိုလည်း ဒုတိယ အန္တရာယ် အရှိဆုံး အုပ်စုမှာ ဖော်ပြ ထားပါတယ်။

ဒါပေမယ့် အသားတွေ စားသုံးတာဟာ ဆေးလိပ် သောက်တာ လောက်တော့ အန္တရာယ် မကြီးဘူးလို့ ပညာရှင်တွေက အလေးအနက် ပြောကြပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ အဲဒီ အစီရင်ခံစာမှာ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း တို့လို ပြုပြင်ထားတဲ့ အသားတွေကို နေ့စဉ် ၅၀ ဂရမ် စားသုံးမယ် ဆိုရင် အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း တိုးမြင့် လာလိမ့်မယ်လို့ ကောက်ချက် ချထားပါတယ်။

နှစ်စဉ် သေဆုံးတဲ့ ကင်ဆာ ရောဂါရှင် ၃ သောင်း ၄ ထောင်ဟာ ပြုပြင် ထားတဲ့ အသားတွေ အလွန်အကျွံ စားသုံးမှုကြောင့် ဖြစ်တယ်လို့ ခန့်မှန်း ပါတယ်။

ဆေးလိပ် သောက်ခြင်းက တဆင့် ဖြစ်တဲ့ ကင်ဆာကြောင့် နှစ်စဉ် သေဆုံးသူက ၁ သန်း ရှိပြီး အရက်သောက်ခြင်းက ဖြစ်တဲ့ ကင်ဆာကြောင့် သေဆုံးသူ ၆ သိန်း ရှိပါတယ်။