အမေရိကန် စစ်သင်္ဘော ဖြတ်သန်းမှု တရုတ် ရှုတ်ချ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပဲ့ထိန်း ဒုံးကျည်တပ် ဖျက်သင်္ဘော USS Lassen ကို မတ်လအတွင်းက တောင်ကိုရီးယား စစ်သင်္ဘောနဲ့အတူ တွေ့ရစဉ်။

တောင်တရုတ် ပင်လယ်ထဲက အငြင်းပွား ရေပြင်မှာ တရုတ်တို့ တည်ဆောက် ထားတဲ့ ကျွန်းတုတွေ အနီးကနေ ကပ်ပြီး အမေရိကန် စစ်သင်္ဘော တစ်စင်း ဖြတ်သန်း ခဲ့တာဟာ တရားမဝင်တဲ့ လုပ်ဆောင်မှု ဖြစ်တယ်လို့ တရုတ် အရာရှိတွေက ပြောဆို ရှုတ်ချ လိုက်ပါတယ်။

တရုတ်က သူ့ရဲ့ ပိုင်နက်လို့ သတ်မှတ်ထားတဲ့ စပရတ်လေ ကျွန်းစုတွထဲက ဆူဘီ နဲ့ မစ်စ်ချိဖ် သန္တာ ကျောက်တန်းတွေ အနီး ရေမိုင် ၁၂ မိုင် ဇုန်ထဲကို အမေရိကန် ပဲ့ထိန်း ဒုံးကျည်တင် စစ်သင်္ဘော USS Lassen က ဝင်ရောက် ဖြတ်သန်း ခဲ့တာပါ။

ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရသူ ကတော့ နိုင်ငံတကာ ဥပဒေကို ဖောက်ဖျက်ခြင်း မရှိတဲ့ ပုံမှန် လုပ်နေကျ လှည့်လည်မှု တွေကိုသာ ဆောင်ရွက် နေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ် နိုင်ငံခြားရေး ဌာနကတော့ ဒါဟာ တရားမဝင်တဲ့ ဖြတ်သန်းမှု ဖြစ်ပြီး သူ့ရဲ့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

အရှေ့ အာရှ ဒေသတွင်းက နိုင်ငံ အချို့ကလည်း အမေရိကန်ရဲ့ ဆောင်ရွက်မှုကို ထောက်ခံကြောင်း ဖော်ပြ ခဲ့ကြရာမှာ ဖိလစ်ပိုင် သမ္မတ အကွီနိုက အဲဒီ ရေပြင်တဝိုက်မှာ လွတ်လွတ်လပ်လပ် လှည့်လည် သွားလာမှုကို ရှေးယခင် ကတည်းက ပြုလုပ်ခဲ့တာ ဖြစ်လို့ တင်းမာမှုတွေ တိုးလာစရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။

ဂျပန် ထိပ်တန်း အရာရှိ တစ်ဦးကလည်း တရုတ်ရဲ့ တည်ဆောက်မှု တွေကြောင့် အဲဒီ ရေပြင်မှာ တည်ငြိမ်မှု ပျက်ပြား ခဲ့ရတာ ဖြစ်ပြီး နိုင်ငံတကာက စိုးရိမ်မှုတွေ ပေါ်ပေါက်လာတာ သဘာဝ ကျတယ်လို့ ပြောပါတယ်။

ဗီယက်နမ် ကလည်း အမေရိကန် စစ်သင်္ဘော ဖြတ်သန်းတာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်း မရှိဘူးလို့ အစောပိုင်းက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ