အိန္ဒိယ အူဘာ ဒရိုင်ဘာကို ထောင်တစ်သက် ချမှတ်

ဓာတ်ပုံ မူပိုင် AFP
Image caption အူဘာ အငှားကား ဒရိုင်ဘာ Shiv Kumar Yadav ဟာ မုဒိမ်းမှု၊ ပြန်ပေးမှု၊ ခြိမ်းခြောက်မှုတွေနဲ့ ပြစ်မှုထင်ရှားခဲ့။

အိန္ဒိယ နိုင်ငံ၊ ဒေလီမြို့မှာ ပြီးခဲ့တဲ့နှစ်က အမျိုးသမီး ခရီးသည် တစ်ဦးကို အဓမ္မ ပြုကျင့်မှုနဲ့ ပြစ်မှု ထင်ရှားခဲ့တဲ့ Uber အူဘာ တက္ကစီ ဒရိုင်ဘာ တစ်ယောက်ကို တရားရုံးက ထောင်ဒဏ် တစ်သက် ချမှတ် လိုက်ပါတယ်။

အဲဒီ ကားဒရိုင်ဘာဟာ ရာဇဝတ်မှု မြောက်တဲ့ ခြိမ်းခြောက်မှုနဲ့ ပြန်ပေးမှုတွေ အတွက်ပါ ပြစ်မှု ထင်ရှား ခဲ့တာပါ။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ အိမ်အပြန် တက္ကစီ ငှားစီးတဲ့ ၂၆ နှစ် အရွယ် အမျိုးသမီး တစ်ယောက်ကို ကားဒရိုင်ဘာက လူပြတ်တဲ့ နေရာ ခြိမ်းခြောက် ခေါ်ဆောင် သွားပြီး အဓမ္မ ပြုကျင့် ခဲ့တာပါ။

အဲဒီနောက် ကားဒရိုင်ဘာတွေကို လုံလောက်တဲ့ စစ်ဆေးမှုတွေ မလုပ်ဘူး ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ပေါက် လာပြီး အူဘာ တက္ကစီကား ဝန်ဆောင်မှုနဲ့အတူ အွန်လိုင်းကနေ ကားငှားစီးရတဲ့ တခြား ဝန်ဆောင်မှုတွေကို ဒေလီမှာ လအတော်ကြာ ပိတ်ပင် ခဲ့ပါတယ်။ အူဘာ အငှားကား ကုမ္ပဏီကတော့ အဲဒီ ဖြစ်ရပ် အတွက် တောင်းပန် ခဲ့ပါတယ်။

ဒေလီမြို့မှာ ၂၀၁၂ ဒီဇင်ဘာက ဘတ်စ်ကား တစ်စီးပေါ်မှာ ကျောင်းသူ တစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်မှု ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း လိင်စော်ကားတဲ့ ပြစ်မှုတွေ တိုးပွား လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်း ဥပဒေတွေ တင်းကျပ် လာခဲ့ပေမယ့် လိင်ပြစ်မှုတွေ လျော့ကျ သွားအောင် ထိန်းချုပ် နိုင်ခဲ့ခြင်း မရှိဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ