ပြင်သစ် အနှံ့ စီးနင်းရှာဖွေ၊ လူအများအပြား ဖမ်းဆီး

ဓာတ်ပုံ မူပိုင် AP
Image caption သေဆုံးသူတွေကို ရည်စူးပြီး နိုင်ငံအနှံ့ တစ်မိနစ်တာ ငြိမ်သက်ခဲ့။

ပြင်သစ် နိုင်ငံအနှံ့ စီးနင်း ရှာဖွေမှုတွေ အတွင်း အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေလို့ သံသယရှိတဲ့ လူပေါင်း ၂၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး ဒါဇင်ချီတဲ့ လက်နက်တွေကို သိမ်းဆည်း မိခဲ့တယ်လို့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ညက ဘားဆိုင်၊ စားသောက်ဆိုင်နဲ့ ဂီတဖျော်ဖြေပွဲ ခန်းမတွေ တိုက်ခိုက် ခံခဲ့ရလို့ လူ ၁၂၉ ဦး သေဆုံးခဲ့ရပြီးနောက် အခုလို ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ဆောင် လိုက်တာပါ။

ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့မှာလည်း ရဲတွေက စီးနင်း ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မိုလန်ဘိခ် ရပ်ကွက်မှာ ပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ ကြရပါတယ်။

စစ်သွေးကြွ ၂ ယောက်ရဲ့ ညီအစ်ကို တော်စပ်သူ တစ်ယောက်ကိုတော့ ဘယ်လ်ဂျီယံ ရဲတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ မိုဟာမက် အက်ဘ်ဒီစလမ် Mohammed Abdeslam ဆိုသူကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး သူ့အစ်ကို တစ်ယောက် ဖြစ်တဲ့ ဘရာဟင် Brahim Abdeslam ဆိုသူက တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ကာ တခြား အစ်ကို တစ်ယောက် ဖြစ်တဲ့ ဆာလာ Salah ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

အခု သီတင်းပတ်အကုန်က ဘယ်လ်ဂျီယံမှာ ဖမ်းဆီးခဲ့တဲ့ ၇ ယောက်ထဲမှာ အခု လွှတ်ပေးခဲ့တဲ့ မိုဟာမက် အပါအဝင် ပြန်လွှတ်ပေးခဲ့သူ ၅ ယောက် ရှိသွားပါပြီ။

ပြင်သစ် နိုင်ငံမှာတော့ ဒီကနေ့ တနင်္လာနေ့ ဒေသစံချိန် နေ့လည် ၁၂ နာရီတိတိမှာ သေဆုံးသူတွေကို ရည်စူးပြီး နိုင်ငံအနှံ့ တစ်မိနစ်တာ ငြိမ်သက် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ