ဘန်ကောက် ဗုံးခွဲမှု၊ ၂ ဦးကို ရုံးထုတ် စွဲချက်တင်

ဓာတ်ပုံ မူပိုင် Reuters
Image caption လူသတ်မှု အပါအဝင် အမှု ၁၀ မှုနဲ့ စွဲချက်တင် ခဲ့ပေမယ့် အကြမ်းဖက်မှု စွဲချက်တော့ မပါဝင်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဧရာဝဏ် နတ်ကွန်း ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ လူ ၂ ဦးကို ဒီကနေ့ အင်္ဂါနေ့မှာ စစ်ခုံရုံး တစ်ခုမှာ စွဲချက်တင် ရုံးထုတ် ခဲ့ပါတယ်။

သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ဧရာဝဏ် နတ်ကွန်း ဗုံးခွဲ တိုက်ခိုက်မှုမှာ လူ ၂၀ သေဆုံး ခဲ့ပါတယ်။

Bilal Mohammed ခေါ် Adem Karadag နဲ့ Yusuf Mieraili တို့ ၂ ဦးဟာ ဗုံးခွဲမှုမှာ ပါဝင်ခဲ့တာကို ဝန်ခံ ခဲ့ကြတယ်လို့ ထိုင်း အရာရှိတွေက ပြောပါတယ်။

လူသတ်မှု၊ လက်နက် ကိုင်ဆောင်မှု အပါအဝင် အမှု ၁၀ မှုနဲ့ သူတို့ ၂ ဦးကို စွဲချက် တင်ခဲ့တာ ဖြစ်ပြီး အဲဒီ အမှုတွေထဲမှာ အကြမ်းဖက်မှုတော့ မပါဝင်ဘူးလို့ ဆိုပါတယ်။

သူတို့ ၂ ဦးစလုံးဟာ တရုတ် နိုင်ငံက ဝီဂါ မွတ်ဆလင်တွေ ဖြစ်တယ်လို့ အစိုးရ ရှေ့နေတွေ တင်သွင်းတဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဟာ မကြာသေးမီက ဝီဂါ မွတ်ဆလင် အယောက် ၁၀၀ ကျော်ကို ပြန်ပို့ခဲ့ဖူးပါတယ်။

ဧရာဝဏ် နတ်ကွန်း ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးဝရမ်း ထုတ်ထားခဲ့သူပေါင်း ၁၇ ယောက် ရှိကာ၊ သူတို့ အများစုက ထိုင်းနိုင်ငံကနေ ထွက်သွားကြပြီလို့ ထိုင်းရဲက ယူဆ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ