IS ကို တိုက်ရာမှာ ကူညီဖို့ ဂျာမနီ ပါလီမန် ခွင့်ပြု

ဓာတ်ပုံ မူပိုင် Getty
Image caption ဂျာမနီ ဖရီးဂိတ် စစ်သင်္ဘော Sachsen ကို ပို့လွှတ်မယ်လို့ မျှော်လင့်ရ။

ဂျာမနီက ဆီးရီးယားမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို တိုက်နေတဲ့ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေကို စစ်ရေး အထောက်အပံ့တွေ ပေးသွားဖို့ ဂျာမနီ ပါလီမန်က ခွင့်ပြု ပေးလိုက်ပါတယ်။

ရင်ဆိုင် တိုက်ပွဲတွေမှာ ပါဝင်မှာ မဟုတ်တဲ့ စစ်ရေး ထောက်ပံ့ဖို့ အစီအစဉ်ကို ဂျာမနီ ပါလီမန် အမတ် အများစုက ထောက်ခံခဲ့တာ ဖြစ်ပြီး ကန့်ကွက်မဲ ၁၄၆ မဲနဲ့ ထောက်ခံမဲ့ ၄၄၅ မဲ ရခဲ့ပါတယ်။

ဂျာမနီက ကင်းထောက်ရာမှာ သုံးဖို့ တိုနေးဒိုး လေယာဉ်တွေ၊ ဖရီးဂိတ် စစ်သင်္ဘော တစ်စီးနဲ့ စစ်သား တစ်ထောင့် နှစ်ရာ ပေးပို့ သွားမှာ ဖြစ်ပါတယ်။

ပဲရစ်မြို့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက် ပြင်သစ်ရဲ့ တောင်းဆိုချက် အရ ဂျာမနီ ပါလီမန်မှာ ခုလို မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဂျာမနီဟာလည်း IS ရဲ့ ပစ်မှတ် ဖြစ်လာပြီလို့ အမတ်တွေက ယူဆကြပါတယ်။

ဗြိတိန်ကလည်း ဆီးရီးယားမှာ စစ်ရေး ဆောင်ရွက်ဖို့ ပါလီမန်ရဲ့ ခွင့်ပြုချက် ရခဲ့ပြီးနောက် ကြာသပတေးနေ့မှာ ဆီးရီးယားထဲက IS ပစ်မှတ်တွေကို ပထမဆုံး အကြိမ် လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ