ဆီးရီးယား စစ်စခန်းကို မတိုက်ခဲ့ဟု မဟာမိတ်အဖွဲ့ ငြင်း

ဓာတ်ပုံ မူပိုင် Reuters
Image caption IS ကို ပစ်မှတ်ထားတဲ့ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ဆီးရီးယား အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိဘဲ ပြုလုပ်။

ဆီးရီးယား စစ်တပ်ရဲ့ စစ်စခန်း တစ်ခုကို အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေက လေကြောင်း တိုက်ခိုက်ခဲ့လို့ တပ်သား ၃ ဦး သေဆုံး ခဲ့ကြောင်း ဆီးရီးယား အစိုးရရဲ့ ပြောဆိုချက်ကို အမေရိကန် မဟာမိတ်တွေက ငြင်းဆို လိုက်ပါတယ်။

Deir al-Zour ဒေသမှာ ရှိတဲ့ စစ်စခန်းကို တနင်္ဂနွေနဲ့ ညပိုင်းမှာ မဟာမိတ် တိုက်လေယာဉ် ၄ စီးက ဒုံးကျည် ၉ ခုနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တယ်လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခဲ့တာပါ။ အဲဒီ Deir al-Zour ဒေသ အနှံ့အပြားကို IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က ထိန်းချုပ် ထားတာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ ပြောင်ကျ ရဲတင်းတဲ့ ကျူးကျော် ရန်စမှု ဖြစ်တယ်လို့ ဆီးရီးယား နိုင်ငံခြားရေး ဌာနက ပြောဆို ရှုတ်ချ ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန် မဟာမိတ် အဖွဲ့ ပြောခွင့်ရသူ တစ်ဦးကတော့ အဲဒီ စစ်စခန်း တည်ရှိရာ အနီးတဝိုက်ကို မဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့တာ မရှိဘူးလို့ ပြောပါတယ်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေဟာ ဆီးရီးယားမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေကို ၂၀၁၄ စက်တင်ဘာလ ကတည်းက လေကြောင်းကနေ တိုက်ခိုက် နေခဲ့တာ ဖြစ်ပြီး ဒမာ့စကတ်စ်မှာ ရှိတဲ့ ဆီးရီးယား အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ