ရန်ပြုမှုတွေကို အကြမ်းဆုံး တုံ့ပြန်ဖို့ ပူတင် ပြော

ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယားမှာ ရှိတဲ့ အကြမ်းဖက်သမားတွေက ရုရှားကို တိုက်ရိုက် ခြိမ်းခြောက်နေတယ်လို့ ပူတင် ပြော။

ဆီးရီးယားမှာ ရှိတဲ့ ရုရှား တပ်ဖွဲ့တွေအပေါ် ရန်ပြု ခြိမ်းခြောက်လာတဲ့ ဘယ်လို လုပ်ဆောင်ချက်ကို မဆို အလွန့်အလွန် ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန် ဆောင်ရွက်ဖို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ရုရှား စစ်တပ်ကို အမိန့်ပေး လိုက်ပါတယ်။

အဲဒီလို ရုရှား တပ်ဖွဲ့တွေကို ခြိမ်းခြောက်လာတဲ့ ပစ်မှတ် အားလုံးကို ချက်ချင်း ချေမှုန်း ပစ်ရမယ်လို့ မစ္စတာ ပူတင်က ကာကွယ်ရေး ဌာန အရာရှိတွေကို ပြောသွားပါတယ်။

ဘယ်လို ခြိမ်းခြောက်မှုတွေလဲ ဆိုတာကိုတော့ မစ္စတာ ပူတင်က အတိအကျ မပြောခဲ့ပေမယ့် တူရကီက ရုရှား ဗုံးကြဲ လေယာဉ်ကို ပစ်ချခဲ့တဲ့ ကိစ္စအတွက် လတ်တလောမှာ နှစ်နိုင်ငံ ရန်စောင်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။

တူရကီ ဘက်ကတော့ အဲဒီ ရုရှား ဗုံးကြဲလေယာဉ်က တူရကီ လေပိုက်နက်ထဲ ဝင်ခဲ့တယ်လို့ ပြောခဲ့ပြီး ရုရှားကတော့ ငြင်းထား ပါတယ်။

Su-24 ဗုံးကြဲလေယာဉ် ပစ်ချ ခံရပြီးနောက် ရုရှား လေယာဉ်မှူး တစ်ဦး သေဆုံးခဲ့ကာ ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်တဲ့ ရုရှား အထူး တပ်ဖွဲ့ဝင် တစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ အဲဒီနောက် မော်စကိုနဲ့ အန်ကာရာ အကြား ဆက်ဆံရေး ဆိုးဆိုးရွားရွား ထိခိုက် ခဲ့တာ ဖြစ်ပါတယ်။

ရုရှားက ဆီးရီးယား သမ္မတ အာဆတ်ရဲ့ တောင်းဆိုမှုနဲ့ ဆီးရီးယား အတိုက်အခံ သူပုန် အဖွဲ့တွေအပေါ် လေကြောင်း တိုက်ခိုက်မှုတွေကို စက်တင်ဘာလက စတင် ပြုလုပ် ခဲ့ပါတယ်။

အခုတော့ ဆီးရီးယား သူပုန်အဖွဲ့ တစ်ခု ဖြစ်တဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ် (FSA) ကိုလည်း ရုရှားက စစ်ရေး အကူအညီတွေ ပေးနေပြီလို့လည်း မစ္စတာ ပူတင်က ပြောပါတယ်။

အရင်က ရုရှားရဲ့ ဗုံးကြဲမှုကို ခံခဲ့ရတဲ့ FSA က အဲဒီလို ရုရှားက စစ်ရေး အကူအညီ ပေးနေပြီ ဆိုတဲ့ ကိစ္စကို အတည်ပြုခြင်း မရှိသေးပါဘူး။

ရုရှားဟာ ဆီးရီးယားမှာ ရှိတဲ့ အစွန်းရောက် IS အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်တာထက် အလယ်အလတ် သဘောထား ရှိတဲ့ သူပုန်တွေကိုသာ အဓိကထား တိုက်ခိုက်နေတယ် ဆိုတဲ့ အမေရိကန် တို့ရဲ့ စွပ်စွဲချက်ကို ရုရှားက ငြင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ