တရုတ် လူ့အခွင့်အရေး ရှေ့နေကို ရုံးထုတ်

ဓာတ်ပုံ မူပိုင် AFP
Image caption ပူယိကျန်း (ယာ)ရဲ့ အမှုကို နိုင်ငံတကာက အာရုံစိုက်နေ။

တရုတ် နိုင်ငံမှာ လူ့အခွင့်အရေး ရှေ့နေတွေထဲက နာမည်ကျော် ရှေ့နေ တစ်ဦးကို ဘေဂျင်းမြို့မှာ ရုံးထုတ်ခဲ့ရာမှာ တရားရုံး ရှေ့မှာ လုံခြုံရေး အစောင့်တွေနဲ့ ရုံးကို လာရောက်သူတွေ အကြား လုံးလားထွေးလား ဖြစ်ခဲ့ကြပါတယ်။

မစ္စတာ ပူယိကျန်းဟာ မျိုးနွယ်စုတွေ အကြား အမုန်းတရားတွေ လှုံဆော်ပေးမှု၊ ပြဿနာတွေ ပေါ်ပေါက်စေမှု စတဲ့ စွဲချက်တွေနဲ့ စွပ်စွဲ ခံထားရတာ ဖြစ်ပါတယ်။

တရားရုံးကို လာရောက်တဲ့ သတင်းသမားတွေ၊ သံတမန်တွေနဲ့ သူ့ကို ထောက်ခံသူတွေကို ရဲတွေက ဝင်ခွင့် မပေးဘဲ တားမြစ်ခဲ့ရာမှာ ဗလုံးဗထွေး ဖြစ်ခဲ့ ကြပါတယ်။

အဲဒီ တရားခွင်မှာ ပြစ်ဒဏ် မချမှတ်ဘဲ ပြီးဆုံး ခဲ့တယ်လို့ သူ့ မိသားစုက သတင်းထောက်တွေကို ပြောပါတယ်။

ဆိုရှယ်မီဒီယာ ပေါ်ကနေ တရုတ် ကွန်မြူနစ် ပါတီကို ဝေဖန်ခဲ့တဲ့ အတွက် မစ္စတာ ပူကို ရုံးတင် ခဲ့တာ ဖြစ်ပြီး အပြစ်ရှိကြောင်း ဆုံးဖြတ် ခံရမယ် ဆိုရင် ထောင်ဒဏ် ၈ နှစ်အထိ ကျခံရဖွယ် ရှိနေပါတယ်။

ပြစ်ဒဏ်ကို ဘယ်အချိန်မှာ ချမှတ်မလဲ ဆိုတာကိုလည်း တရားရုံးက ပြောဆိုခြင်း မရှိပါဘူး။

တရားခွင်တွေမှာ လုံခြုံရေးတွေ ကျပ်ကျပ်တည်းတည်း ချထားတာကို မြင်ရတဲ့အတွက် မစ္စတာ ပူ အနေနဲ့ အမှုကနေ ကင်းလွတ် နိုင်မယ့် အခွင့်အရေး မရှိသလောက် ဖြစ်နေပြီး နှစ်ရှည် ထောင်ဒဏ် ကျခံရဖို့ အလားအလာ များတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ