ယီမင် အပစ်ရပ်မှု စတင်၊ ငြိမ်းချမ်းရေး ဆွေးနွေး

ဓာတ်ပုံ မူပိုင် AFP
Image caption ဆော်ဒီ ညွန့်ပေါင်းအဖွဲ့နဲ့ ယီမင် အစိုးရ တပ်တွေက သူပုန်တွေအပေါ် အသာစီး မရဘဲ ဖြစ်နေ။

ယီမင် နိုင်ငံအတွင်း ၇ ရက်ကြာ အပစ်ရပ် အစီအစဉ် ဒီကနေ့ အင်္ဂါနေ့မှာ စတင် သက်ရောက် ခဲ့ပြီးနောက် ကုလ သမဂ္ဂက ဦးစီး ပြုလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဆွစ်ဇာလန်မှာ စတင် လိုက်ပါတယ်။

ယီမင် အစိုးရနဲ့ ဟွတ်သီ သူပုန်တွေ အကြား လအတော်ကြာ ဖြစ်နေခဲ့တဲ့ တိုက်ပွဲတွေကို အဆုံးသတ်ပြီး ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးကို ရနိုင်ဖို့အတွက် ရည်ရွယ် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ကလည်း ဟွတ်သီ သူပုန်တွေကို နှိမ်နင်းဖို့ အတွက် ပြီးခဲ့တဲ့ မတ်လက စတင်ပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ရာမှာ အခုချိန်အထိ လူပေါင်း ၆ ထောင်လောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ဆွစ်ဇာလန်မှာ ပြုလုပ်တဲ့ ဆွေးနွေးမှုတွေဟာ အခု သီတင်းပတ် တစ်ပတ်လုံး ကြာမြင့်ဖွယ် ရှိပါတယ်။

ကမ္ဘာ ကျန်းမာရေး အဖွဲ့ကတော့ ဆေးဝါး အကူအညီတွေကို ယီမင် နိုင်ငံအနှံ့ ဖြန့်ဝေပေးဖို့ အသင့် ဖြစ်နေပြီလို့ ပြောပါတယ်။

ယီမင် နိုင်ငံထဲမှာ အပစ်ရပ် အစီအစဉ် စတင်တဲ့ နောက်ဆုံးအချိန် အထိ တိုက်ခိုက်မှုတွေ ဖြစ်ပွား နေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ