အမေရိကန် အတိုးနှုန်း တိုးမြှင့် သတ်မှတ်

ဓာတ်ပုံ မူပိုင် AP
Image caption သတ်မှတ်ချက်တွေ ပြည့်စုံတဲ့အတွက် အတိုးနှုန်း တိုးမြှင့်လိုက်တာလို့ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ Janet Yellen ပြော

အမေရိကန်နိုင်ငံမှာ ဖယ်ဒရယ် ဗဟိုဘဏ်က အတိုးနှုန်းတွေကို သုညနီးပါး ရာခိုင်နှုန်း ကနေ သုည ဒဿမ နှစ်ငါး ရာခိုင်နှုန်း တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

ဒါဟာ ၂၀၀၆ခုနှစ်ကတည်းကဆိုရင် ပထမဆုံးအကြိမ် အတိုးနှုန်း တိုးမြှင့် သတ်မှတ်လိုက်တာ ပါ။

အမေရိကန် ဖယ်ဒရယ် ဗဟိုဘဏ် ဥက္ကဌ Janet Yellen က အလုပ်သမား စျေးကွက်မှာ နောက်ထပ် တိုးတက် ဖြစ်ထွန်းမှုတွေ ထပ်တွေ့ရရင် ဘဏ် အတိုးနှုန်းတွေအတွက် ရည်ရွယ်ထားတဲ့ နှုန်းအလိုက် တိုးမြှင့် သတ်မှတ်သွားမယ် ဆိုတာကို ပြီးခဲ့တဲ့ မတ်လကတည်းက ကော်မတီက ပြောထားခဲ့ပြီး ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှုန်းကလည်း မှန်းထားသလောက် အတိုင်းအတာအထိ ပြန်ကျသွားတယ်လို့ ယုံကြည် ယူဆရကြောင်း၊ ဒီအချက်နှစ်ချက်ကြောင့် အခုလို ဘဏ်အတိုးနှုန်း တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

စီးပွားရေး ဆက်ခိုင်မာလာနေတယ်လို့ အမေရိကန် ဗဟိုဘဏ် ကော်မတီက ယုံကြည် ထားပေမယ့် ဆက် တိုးတက်ကောင်းမွန်ဖို့တော့ လိုသေးကြောင်း သူက ပြောသွားပါတယ်။

အမေရိကန် ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်ကို ကြည့်ခြင်းအားဖြင့် စီးပွားရေး ပြန်တောင့်တင်း ခိုင်မာလာတယ်လို့ ယုံကြည်တယ် ဆိုတာကို ထင်ဟပ်ပြလိုက်တာ ဖြစ်ပါတယ်။

တိုးမြှင့်လိုက်တဲ့ အတိုးနှုန်းဟာ ပမာဏအားဖြင့် သိပ်များလှတယ်လို့ မထင်ရပေမယ့် သိသာ ထူးခြားမှုကတော့ အတော်လေးကို ကြီးတယ်လို့ ဆိုရမှာပါ။

အမေရိကန် ဗဟိုဘဏ်ရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ကမ္ဘာတဝှမ်းက စီးပွားရေးကိုလည်း ရိုက်ခတ်သွားနိုင်ဘွယ် ရှိနေပြီး UK နိုင်ငံမှာလည်း ဘဏ်အတိုးနှုန်းတွေ တိုးမြှင့် သတ်မှတ်ဖို့ အစိုးရအပေါ် ဖိအားပေးမှုတွေ တိုးပွားလာဘွယ် ရှိနေပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးဆဲ စီးပွားရေးနိုင်ငံတွေအတွက် ချေးငွေ အတိုးနှုန်း ပိုများလာဖို့ ရှိနေပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ အတော်များများမှာ စီးပွားရေး နှေးကွေးမှုတွေနဲ့ လောလောဆယ် ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။

နိုင်ငံအတော်များများ ကုမ္ပဏီ အတော်များများက ငွေချေးရာမှာ အမေရိကန် ဒေါ်လာကိုပဲ အားကိုးနေကြရရာမှာ အခုလို အမေရိကန် ဘဏ် အတိုးနှုန်းတွေ တိုးမြှင့်လိုက်ခြင်းအားဖြင့် ဒေါ်လာစျေး ပိုခိုင်မာလာဘွယ် ရှိနေတဲ့အတွက် စီးပွားရေး နှေးကွေးမှုတွေကို ပိုဆိုးဝါးသွား စေနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဘီဘီစီ စီးပွားရေး သတင်းထောက် Kamel Ahmed က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ