ချယ်လ်ဆီး နည်းပြ မော်ရင်ညို အထုတ်ခံရ

ဓာတ်ပုံ မူပိုင် Getty
Image caption မော်ရင်ညိုဟာ သြဂုတ်လကမှ ချယ်လ်ဆီး အသင်းနဲ့ ၄နှစ် သက်တမ်းတိုး စာချုပ် ချုပ်ထား

ချယ်လ်ဆီး နည်းပြ ဂျိုဆေး မော်ရင်ညိုကို ထုတ်ပယ်လိုက်ရတာဟာ အသင်း ကစားသမား တွေနဲ့ အဆင်မပြေမှုတွေ သိသာထင်ရှား လွန်းခဲ့တာကြောင့်လို့ ချယ်လ်ဆီးအသင်းရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ နှစ် ပရီးမီးယားလိဂ် ဖလားကို ရယူပေးခဲ့ပြီး ဩဂုတ်လကမှ အသင်းနဲ့ ၄နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို ထားခဲ့တဲ့ မော်ရင်ညိုဟာ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးရဲ့ ကစားပွဲ ရလဒ်တွေ ဆိုးရွား နေချိန်မှာပဲ အသင်းနည်းပြ အဖြစ်ကနေ ရုတ်တရက် ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းရဲ့ လတ်တလော ပွဲရလဒ်တွေ မကောင်းဘူး ဆိုတာကို လက်ခံခဲ့အပြီးမှာ နှစ်ဘက် သဘောတူညီချက်နဲ့ နည်းပြအဖြစ်ကနေ မော်ရင်ညို ထွက်သွားခဲ့တာ ဖြစ်တယ်လို့ ချယ်လ်ဆီး အသင်းရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယားမှာ တန်းဆင်းဇုံအောက် ရောက်ဖို့ တမှတ်အကွာကို ရောက်ခဲ့တဲ့အတွက် ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အဘရာမိုဗစ်ချ် အနေနဲ့ တခုခု လုပ်မှ ဖြစ်မယ်ဆိုပြီး အခုလို ဆုံးဖြတ်လိုက်တာလို့ အသင်းရဲ့ နည်းစနစ် ညွှန်ကြားရေးမှူးက ပြောပါတယ်။

လစာ အများဆုံး ရထားကြတဲ့ ချယ်လ်ဆီး ကစားသမားတွေက မော်ရင်ညိုအပေါ် မကျေနပ်တာတွေကို ဖုံးကွယ်မထားပဲ ထုတ်ပြောခဲ့ကြပါတယ်။

အဲဒီ ကစားသမားတချို့ဟာ သူ့အပေါ်မှာ သစ္စာဖောက်တယ် ဆိုပြီး မော်ရင်ညိုက စွပ်စွဲခဲ့ပါတယ်။