အီရန်နဲ့ သံအဆက်အသွယ် ဖြတ်တောက်ကြောင်း ဆော်ဒီ ကြေညာ

_iran_protests_saudi_embassy ဓာတ်ပုံ မူပိုင် AFP
Image caption အီရန် မြို့တော် တဟီရန် မှာ ရှိတဲ့ ဆော်ဒီ သံရုံးထဲ အီရန် ဆန္ဒပြသမားတွေ စီးနင်းဝင် ရောက်မှု ဖြစ်ခဲ့တဲ့ နောက် အခုလို ဆော်ဒီ ဘက်က တုံ့ပြန် လာတာ ဖြစ်ပါတယ်။

ရှီအာ ဘာသာရေး ခေါင်းဆောင် တစ်ဦးကို ဆော်ဒီ အစိုးရက သေဒဏ် စီရင်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ် လာတဲ့ နှစ်နိုင်ငံ တင်းမာမှု တွေ ရဲ့ နောက်ဆုံး အခြေအနေ အဖြစ် အီရန် ကို ဆော်ဒီက သံ အဆက်အသွယ် ဖြတ်တောက် လိုက်ပါတယ်။

အီရန် မြို့တော် တဟီရန် မှာ ရှိတဲ့ ဆော်ဒီ သံရုံးထဲ အီရန် ဆန္ဒပြသမားတွေ စီးနင်းဝင် ရောက်မှု ဖြစ်ခဲ့တဲ့ နောက် အခုလို ဆော်ဒီ ဘက်က တုံ့ပြန် လာတာ ဖြစ်ပါတယ်။

ဆော်ဒီ မှာ ထားရှိထားတဲ့ အီရန် သံအဖွဲ့ ၄၈ နာရီ အတွင်း တိုင်းပြည်ကနေ ထွက်ခွာရမယ်လို့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး Adel al-Jubeir က ပြောပါတယ်။

အစောပိုင်း တုန်းကတော့ အစ္စလာမ် နိုင်ငံတွေ တလွှား ဆွန်နီ နဲ့ ရှီအာ မွတ်ဆလင်မ်တွေကြား တင်းမာမှု တွေ ပိုပြီး ဖြစ်ပေါ် မလာစေဖို့ အနောက်နိုင်ငံတွေက သတိပေး နေကြပါတယ်။

အဲဒီလို ကွပ်မျက်ခဲ့မှု ရဲ့ နောက်ဆက်တွဲ ဂယက် အဖြစ် ဒေသတွင်း အင်အားကြီး ရှီအာ နိုင်ငံ ဖြစ်တဲ့ အီရန် မှာ ဆော်ဒီ သံရုံး အတိုက်ခိုက် ခံခဲ့ရမှု အပေါ် အမေရိကန် နိုင်ငံခြားရေး ဌာန က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတွင်း အခုလို အခြေအနေမျိုး ကို အခွင့်ကောင်းယူ အသုံးချ လာနိုင်သူတွေ ရှိလိမ့်မယ် ဆိုပြီး ဗြိတိသျှ နိုင်ငံခြားရေး ရုံးကလည်း သတိပေး နေပါတယ်။

ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းနေပြီ လို့ ဥရောပ သမဂ္ဂ ရဲ့ နိုင်ငံခြားရေး မူဝါဒပိုင်း ဆိုင်ရာ အကြီးအကဲ ဖက်ဒရီးကား မိုဂီရီးနီး ကလည်း အီရန် နိုင်ငံခြားရေး ဝန်ကြီး နဲ့ စကားပြောဆို ခဲ့တုန်းက ထည့်သွင်း သတိပေး ထားပါတယ်။

တခါ၊ လက်ဘနွန် အခြေစိုက် ရှီအာ မွတ်ဆလင်မ် အဖွဲ့ ဖြစ်တဲ့ ဟစ်ဇ်ဘိုလာ ရဲ့ ခေါင်းဆောင် ရှိတ်ခ် ဟာဆန် နာ့စ်ရာလာ က ဆော်ဒီ ရဲ့ အပြုအမူဟာ မွတ်ဆလင်မ် တွေ အချင်းချင်း ကြား စစ်ပွဲ ဖြစ်လာဖို့ မီးမွှေးပေး လိုက်သလိုပဲ ဆိုပြီး ဝေဖန် ခဲ့ ပြီး၊ ဟစ်ဇ်ဘိုလာ အဖွဲ့ဝင် တွေကိုလည်း အဲဒီ့ ထောင်ချောက်ထဲ မသက်ဆင်းကြနဲ့ ဆိုပြီး သတိပေး ပါတယ်။

အီရန် မှာ ရှိတဲ့ ဆော်ဒီ သံရုံးကို တိုက်ခိုက် ခဲ့သူတွေကို အီရန် သမ္မတ ဟာဆန် ရူဟာနီက အပြစ်တင် ပြောဆို ခဲ့ပေမယ့် အဲဒီလို စိတ်ခံစားမှု တွေ ဖြစ်ပေါ်လာအောင် ဆော်ဒီ အစိုးရက ပြုမူ ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆော်ဒီရဲ့ သေဒဏ် စီရင်မှု အပေါ် အိန္ဒိယ အုပ်ချုပ်ရေး အောက်က ကက်ရှ်မီယာ ဒေသ နဲ့ ပါကစ္စတန် နိုင်ငံ ကရာချီ မြို့ကြီး တွေ မှာလည်း ဆန္ဒပြခဲ့ကြ သလို၊ ရှီအာ အများစု ရှိပေမယ့် ဆွန်နီ မွတ်ဆလင်မ် ထီးနန်းက အုပ်ချုပ် နေတဲ့ ဘာရိန်းမှာလည်း ကန့်ကွက်မှု တွေ ပြုလုပ် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ