စာအုပ်ရောင်းသူ ပျောက်ဆုံးမှု၊ ဟောင်ကောင် ခေါင်းဆောင် ဝေဖန်

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ် အစိုးရကို လိုက်လျော လွန်းတယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင်လုန်ကို အရင်က ဝေဖန်ခဲ့ကြ။

ဟောင်ကောင်က စာအုပ်ရောင်းသူ တစ်ဦးကို တရုတ် အာဏာပိုင်တွေက ဖမ်းသွားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပြီးနောက် ဟောင်ကောင် ခေါင်းဆောင် စီဝိုင် လုန်က တရုတ် ရဲတပ်ဖွဲ့ အနေနဲ့ ဟောင်ကောင်ထဲမှာ လှုပ်ရှားခွင့် လုံးဝ မရှိဘူးလို့ ပြောလိုက်ပါတယ်။

မစ္စတာ လီဘို ခေါ် ပေါလီ ဆိုသူဟာ တရုတ် အစိုးရ အပေါ် ဝေဖန်တဲ့ စာအုပ်တွေကို ရောင်းတဲ့ စာအုပ်ဆိုင်နဲ့ ဆက်စပ်သူ တစ်ဦး ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်လ အတွင်းမှာ အဲဒီ စာအုပ်ဆိုင်နဲ့ ဆက်စပ်သူ တွေထဲက ပျောက်ဆုံး နေသူပေါင်းဟာ သူ အပါအဝင် ၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

မစ္စတာ လီဟာ ပြန်ပေးဆွဲ ခံရပြီး ပြည်မကြီးဆီ ခေါ်သွားခြင်း ခံခဲ့ရတာ ဖြစ်တယ်လို့ ဟောင်ကောင် ဥပဒေပြု အမတ် တစ်ဦး ဖြစ်တဲ့ Albert Ho အယ်လ်ဘတ် ဟိုက ပြောပါတယ်။

ဘေဂျင်း အစိုးရကို အလွန်အကျွံ လိုက်လျောတယ်လို့ အရင်က ဝေဖန် ခံထားရတဲ့ ဟောင်ကောင် ခေါင်းဆောင် မစ္စတာ လုန်ဟာ အခု ကိစ္စမှာတော့ ဟောင်ကောင်ရဲ့ တရား ဥပဒေပိုင်း ဆိုင်ရာ လွတ်လပ်မှုကို ပြင်းပြင်းထန်ထန် ကာကွယ် ပြောဆို ခဲ့ပါတယ်။

မစ္စတာ လီဘို ပျောက်ဆုံးခဲ့တာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပါတယ်။ သူက တရုတ် အစိုးရရဲ့ စုံစမ်းမှု တစ်ခုကို ကူညီပေး နေတာလို့ တရုတ် ပြည်မ ထဲကနေ ဖုန်းဆက် ပြောဆိုခဲ့ကြောင်း သူ့အမျိုးသမီးက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ