မြောက်ကိုရီးယားကို ကုလသမဂ္ဂ ကန့်ကွက်

ဓာတ်ပုံ မူပိုင် b
Image caption ဟိုက်ဒြိုဂျင်ဗုံး အောင်မြင်စွာ စမ်းသပ် ဖောက်ခွဲခဲ့ကြောင်း မြောက်ကိုရီးယား သတင်းမှာ ကြေညာ

မြောက်ကိုရီးယား အစိုးရက ဟိုက်ဒြိုဂျင် ဗုံးတလုံးကို သူတို့ အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပြီလို့ ပြောခဲ့အပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယားနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူမှုသစ်တွေ အမြန်ဆုံး စလုပ်တော့မယ်လို့ ပြောလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေး ကျင်းပပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား အစိုးရကို တညီတညွတ်တည်း ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။

ဒီစမ်းသပ် ဖောက်ခွဲမှုဟာ ကုလသမဂ္ဂရဲ့ အရင် ဆုံးဖြတ်ပြဌာန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲလို့ ဆိုပါတယ်။

အမေရိကန်အစိုးရကတော့ သူတို့ရဲ့ ကနဉီးပိုင်း လေ့လာချက်တွေအရ မြောက်ကိုရီးယားက အခုလို ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲခဲ့တယ် ဆိုတာ သိပ်မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ရန်စတဲ့ လုပ်ရပ်တွေ အခုလို တနေ့တခြား ပိုလုပ် လာနေတာနဲ့အမျှ နိုင်ငံတကာရဲ့ ဖယ်ကျဉ်ခံရတဲ့ အဖြစ်ကို ပိုရောက်သွားလိမ့်မယ်လို့လည်း သတိပေး လိုက်ပါတယ်။

၂၀၀၆ခုနှစ်ကတည်းက စရင် ဒါဟာ မြောက်ကိုရီးယားရဲ့ ၄ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ဖြစ်ပြီး ဟိုက်ဒြိုဂျင်ဗုံး လို့သာ တကယ်တမ်း အတည်ပြုနိုင်မယ် ဆိုရင် မြောက်ကိုရီးယားရဲ့ ပထမဆုံး ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ် ဖောက်ခွဲမှု ဖြစ်ပါလိမ့်မယ်။

၂၀၀၆၊ ၂၀၀၉နဲ့ ၂၀၁၃ ခုနှစ်တွေမှာ လုပ်ခဲ့တဲ့ နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုတွေကြောင့် ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံကို ဒဏ်ခတ် အရေးယူမှုတွေ လုပ်ခဲ့ပြီး ကုမ္ပဏီ အစုအဖွဲ့ ၂၀နဲ့ လူပုဂ္ဂိုလ် ၁၂ဉီးတို့ကို နာမည်ဆိုး စာရင်းသွင်းထားခဲ့ပြီး ဖြစ်ပါတယ်။