နိုင်ငံခြားသားတွေကို အလွယ် နှင်ထုတ်နိုင်ဖို့ ဂျာမနီ ဥပဒေ အပြောင်းအလဲ လုပ်

migrants_in_germany_ ဓာတ်ပုံ မူပိုင် Getty
Image caption ထောင်ဒဏ် တစ်နှစ်နဲ့ တစ်နှစ် အထက် ကျခံရမယ့် ရာဇဝတ်မှုမျိုး ကျူးလွန်သူ ဘယ် နိုင်ငံခြားသား ခိုလှုံခွင့် လျှောက်ထား ထားသူ မဆို ဂျာမနီ နိုင်ငံကနေ နှင်ထုတ် ခံရမယ်။

ဂျာမနီ နိုင်ငံထဲမှာ ရာဇဝတ် ကျူးလွန်တဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေ ကို တိုင်းပြည်ကနေ နှင်ထုတ် ရာမှာ ပိုပြီး အလွယ်တကူ ဖြစ်စေမယ့် ဥပဒေကြောင်းဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ နဲ့ ပတ်သက်တဲ့ အသေးစိတ် အစီအစဉ် တွေကို ဂျာမနီ အစိုးရ က ထုတ်ဖော် ကြေညာ ခဲ့ပါတယ်။

ကိုလုံးမြို့ မှာ နှစ်သစ်ကူးည က အမျိုးသမီး အရေအတွက် ရာဂဏန်းကျော် ဟာ ပစ်မှတ် ထား တိုက်ခိုက် ခံခဲ့ရ တာမှာ ကျူးလွန်သူ အားလုံး နီးပါးဟာ ရွှေ့ပြောင်း ဝင်ရောက်သူတွေ ဖြစ်တယ် ဆိုပြီး ဂျာမနီ အာဏာပိုင် တွေက ပြောထား ပါတယ်။

အခု ပြုလုပ် လိုက်တဲ့ ဥပဒေ ပြင်ဆင် မှု အရ ထောင်ဒဏ် တစ်နှစ်နဲ့ တစ်နှစ် အထက် ကျခံရမယ့် ရာဇဝတ်မှုမျိုး ကျူးလွန်သူ ဘယ် နိုင်ငံခြားသား ခိုလှုံခွင့် လျှောက်ထား ထားသူ မဆို ဂျာမနီ နိုင်ငံကနေ နှင်ထုတ် ခံရမှာ ဖြစ်ပါတယ်။

လိင်ပိုင်း ဆိုင်ရာ ကျူးလွန် တဲ့ ရာဇဝတ်မှု မျိုး အပါအဝင် တချို့သော ရာဇဝတ်မျိုး တွေ ကျူးလွန်သူ ဆိုရင် ဆိုင်းငံ့ ထောင်ဒဏ်ပဲ အချ ခံရရင်တောင် လာရာ နိုင်ငံ ကို ပြန်အပို့ ခံရ မှာ ဖြစ်ပါတယ်။

တခါ၊ ဂျာမနီ နိုင်ငံ အရှေ့ဘက် မြို့ ဖြစ်တဲ့ လိုက်ပ်ဇစ် မှာ နိုင်ငံခြားသား တစ်သန်းကျော် ကို လက်ခံ ခဲ့တဲ့ အစိုးရ ရဲ့ မူဝါဒ အပေါ် ဆန့်ကျင် ဆန္ဒ ပြကြ ရင်းသား ကားတွေကို မီးရှို့ကြ၊ အဆောက်အဦ ပစ္စည်းတွေကို ဖျက်စီး ကြ ပြုလုပ် ခဲ့ကြတဲ့ လက်ျာစွန်းရောက် ၂၀၀ ကျော်ကို ဖမ်းဆီး ခဲ့တယ် ဆိုပြီး ဂျာမန် ရဲတပ်ဖွဲ့က ပြောပါတယ်။

အစ္စလာမ် ဆန့်ကျင်ရေး ပေဂီးဒါး လှုပ်ရှားမှု အဖွဲ့ က ပြုလုပ် ခဲ့တဲ့ လိုက်ပ်ဇစ် မြို့ ဆန္ဒပြပွဲမှာ ဂျာမနီ ဝန်ကြီး အိန်ဂလာ မာ့ခဲလ် ကို ရာထူးကနေ နှုတ်ထွက်ဖို့ တောင်းဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ