တရုတ် စီးပွားရေးတိုးနှုန်း ၂၅ နှစ်အတွင်း အနိမ့်ဆုံးဖြစ်

ဓာတ်ပုံ မူပိုင် Getty
Image caption စီးပွားရေး တိုးနှုန်းက ၆.၈ ရာခိုင်နှုန်း အောက်ကို ရောက်လာရင် ပြန်လည် ဦးမော့လာစေမယ့် တွန်းအား တစ်ခု လိုပြီလို့ ပညာရှင်တွေက ပြော။

တရုတ် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု နှုန်းဟာ ၂၀၁၄ မှာ ၇.၃ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၁၅ မှာတော့ ၆.၉ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၅ နှစ် အတွင်း တိုးတက်မှု အနှေးကွေးဆုံး နှုန်းထား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ စီးပွားရေးရဲ့ အဓိက မောင်းနှင်အား တစ်ခု ဖြစ်တဲ့ တရုတ် စီးပွားရေး တိုးနှုန်း အခုလို ကျဆင်းမှုဟာ ကမ္ဘာ အနှံ့က ရင်းနှီး မြှုပ်နှံသူတွေ အတွက် စိုးရိမ် ပူပန် စရာ ဖြစ်နေပါတယ်။

အခုနှစ် အတွက် တရုတ် စီးပွားရေး တိုးနှုန်းက ၆.၃ ရာခိုင်းနှုန်း ရှိနိုင်ပြီး ၂၀၁၇ မှာ ၆ ရာခိုင်နှုန်းသာ ရှိတော့မယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က ခန့်မှန်းချက် ထုတ်ခဲ့ပြီးနောက် အခု သတင်း ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

တရုတ် အစိုးရရဲ့ တရားဝင် သတ်မှတ်နှုန်းကတော့ ၇ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

တရုတ် ဝန်ကြီးချုပ် လီကေချန်း ကတော့ စီးပွားရေး တိုးနှုန်း ကျနေပေမယ့် အလုပ်အကိုင် အသစ်တွေ ဖန်တီးပေး နိုင်နေသရွေ့ လက်သင့် ခံနိုင်ဖွယ် အနေအထား ဖြစ်တယ်လို့ ပြောပါတယ်။

စောင့်ကြည့် လေ့လာသူ အချို့ကတော့ တရုတ် စီးပွားရေး တိုးနှုန်းဟာ တရားဝင် ကိန်းဂဏန်း တွေက ဖော်ပြတာထက် ပိုပြီး နှေးကွေး နေတယ်လို့ ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ