တိုက်ခိုက်ပုံအသစ် IS သုံးလာတယ်လို့ အီးယူပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption သတင်း အချက်အလက်တွေ ပိုမို မျှဝေနိုင်ဖို့ လိုနေပြီ ဆိုတာကို ပဲရစ် တိုက်ခိုက်မှုက ဖော်ပြခဲ့။

အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့ဟာ ဥရောပကို အဓိက ဦးတည် တိုက်ခိုက်ဖို့အတွက် တိုက်ခိုက်ရေး ပုံစံသစ် တစ်ခုကို ဖော်ထုတ် လာခဲ့တယ်လို့ အီးယူ ရဲတပ်ဖွဲ့ ညွှန်ကြားရေး မှူးချုပ် Rob Wainwright က ပြောပါတယ်။

အီးယူ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် နှိမ်နင်းရေး စင်တာ အသစ် တစ်ခုကို သည်ဟေ့ဂ် မြို့မှာ ဖွင့်လှစ်စဉ်မှာ မစ္စတာ ဝိန်းရိုက် က အဲဒီလို ပြောခဲ့တာပါ။

အခု ဖွင့်လှစ်လိုက်တဲ့ အဲဒီ အကြမ်းဖက် နှိမ်နင်းရေး စင်တာက အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို ပိုမို မျှဝေနိုင်ဖို့ ဆောင်ရွက်မှာ ဖြစ်သလို၊ တခြား ရာဇဝတ် မှုခင်းတွေနဲ့ အကြမ်းဖက် ဝါဒအကြား အဆက်အစပ် တွေကိုလည်း ဖော်ထုတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာမှာ လူ ၁၃၀ သေဆုံး ခဲ့ရတဲ့ ပဲရစ် တိုက်ခိုက်မှုက အခုလို စင်တာ တစ်ခု ရှိသင့်တယ် ဆိုတာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီ ပဲရစ် တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမား ၉ ယောက်ကို ဖော်ပြထားတဲ့ ဗီဒီယို တစ်ခုကို IS အဖွဲ့က တနင်္ဂနွေနေ့က ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီ ဗီဒီယို အဆုံးမှာ ဆီးရီးယားမှာ ရှိတဲ့ IS တွေ အပေါ် လေကြောင်း တိုက်ခိုက်ဖို့ ဗြိတိန် ပါလီမန်ထဲမှာ မဲခွဲ ဆုံးဖြတ်ပုံ တွေကိုလည်း ဖော်ပြ ထားတဲ့ အတွက် အဲဒီ ဗီဒီယိုကို ဗြိတိသျှ အစိုးရက စစ်ဆေး နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ