ဆီးရီးယား အတိုက်အခံတွေ ဂျနီဗာကို ရောက်လာပြီ

_madaya_syria ဓာတ်ပုံ မူပိုင် AFP
Image caption မဒါယား မြို့မှာ အဟာရ မပြည့်ဝတဲ့ဒဏ် ကြောင့် လူတွေ အများအပြား သေဆုံး နိုင်တဲ့ အန္တရာယ် ရှိနေ။

ကုလသမဂ္ဂ အစီအစဉ် နဲ့ ကျင်းပ နေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကို တက်ရောက်ဖို့ ဆီးရီးယား အတိုက်အခံ အဓိက ညွန့်ပေါင်း အုပ်စု ရဲ့ ကိုယ်စားလှယ် အဖွဲ့ ဂျနီဗာ မြို့ကို ရောက်လာ ကြပြီ ဖြစ်ပါတယ်။

အဆင့်မြင့် ညှိနှိုင်းရေး ကော်မတီ HNC လို့ အမည် ပေးထားတဲ့ အတိုက်အခံ အင်အားစု ကိုယ်စားလှယ် တွေ ဟာ အခုလို ဂျနီဗာ ဆွေးနွေးပွဲ မှာ ပါဝင်ဖို့ ပြီးခဲ့တဲ့ သောကြာ နေ့ နှောင်းပိုင်း ကမှ သဘောတူ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ အခြေအနေ အရ သူတို့ အနေနဲ့ ကုလသမဂ္ဂ အရာရှိတွေ နဲ့ သာ စကားပြောဆိုမှာ ဖြစ်ပြီး သမ္မတ အာဆတ် အစိုးရ ရဲ့ ကိုယ်စားလှယ် တွေ နဲ့တော့ ဘာမှ ညှိနှိုင်းမှု တွေ ပြုလုပ်မှာ မဟုတ် ဘူးသေးလို့ အတိုက်အခံ တွေ က ပြောထား ပါတယ်။

အရပ်သား တွေ နေထိုင်ရာ အရပ် တွေမှာ လေကြောင်း တိုက်ခိုက် နေတာ ရပ်တန့် ဖို့ အပါအဝင် တခြား လူသားခြင်း စာနာ နားလည်မှု ဆိုင်ရာ တောင်းဆို မှု တွေကို ဆီးရီးယား အစိုးရ က မလိုက်နာသ၍ ညှိနှိုင်း မှု တွေ မပြုလုပ် နိုင်ဘူး ဆိုပြီး HNC အဖွဲ့ရဲ့ ပြောခွင့်ရ Monzer Makhous က ပြောပါတယ်။

ဒီ အချိန်မှာပဲ၊ ဆီးရီးယား အစိုးရ ကို လိုလားတဲ့ လက်နက်ကိုင် တွေရဲ့ လ ပေါင်းများစွာ ပိတ်ဆို့ တာ ခံခဲ့ရတဲ့ မဒါယား မြို့မှာ အဟာရ မပြည့်ဝတဲ့ဒဏ် ကြောင့် လူတွေ အများအပြား သေဆုံး နိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

အခုလ အစောပိုင်း က ကယ်ဆယ် ထောက်ပံ့ရေး ယာဉ် တွေ မြို့ထဲ ကို ဝင်လာခွင့် ရခဲ့ ပေမယ့် အစာ ရေစာ ပြတ်လတ်မှုဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရ တဲ့ မြို့သူ မြို့သား တွေ အတွက် သိပ် နောက်ကျ လွန်း ခဲ့ပြီး၊ ကယ်ဆယ်ရေး ယာဉ် တန်း တွေ ရောက် လာပြီး နောက် မှာကို ငတ်မွတ် မှု ကြောင့် လူ ၁၆ ဦး ထပ် သေခဲ့ရတယ် လို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ပြောပါတယ်။

မဒါယား မြို့သူ မြို့သား တွေ ရဲ့ အခြေအနေဟာ စားနပ် ရိက္ခာ ပေးရုံသက်သက်နဲ့ မလုံလောက်ပဲ ဆေးရုံတင် ပြီး စနစ်တကျ ကုသ ပေးရမယ့် အခြေအနေ ဖြစ်တယ် လို့ MSF အဖွဲ့က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ