ထိုင်း ပင်လယ်စာလုပ်ငန်း အမှုတွေအတွက် ဖမ်းဆီး

ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်းနိုင်ငံဟာ ကမ္ဘာ့ တတိယ အကြီးဆုံး ပင်လယ်စာ တင်ပို့သူ ဖြစ်။

ထိုင်းနိုင်ငံမှာ ဒေါ်လာ သန်းထောင်ချီ တန်တဲ့ ပင်လယ်စာ လုပ်ငန်း နယ်ပယ်အတွင်းက အကျင့်ပျက်မှု တွေကို စုံစမ်း ဖော်ထုတ် နေခဲ့ရာမှာ အခုချိန်အထိ လူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ဖြစ်တယ်လို့ ထိုင်း အာဏာပိုင် တွေက ပြောပါတယ်။

ထိုင်းရဲ့ ပင်လယ်စာ ထုတ်လုပ်ရေး လုပ်ငန်းအတွင်းမှာ တရားမဝင် ငါးဖမ်းမှုတွေ၊ လူမှောင်ခို လုပ်ငန်းတွေ ရှိနေတဲ့အတွက် ဥရောပ သမဂ္ဂက သပိတ်မှောက် အရေးယူဖို့ ပြီးခဲ့တဲ့ ဧပြီလက ခြိမ်းခြောက် ပြောဆို ခဲ့ပါတယ်။

မနေ့က တနင်္လာနေ့က ထိုင်းရဲတပ်ဖွဲ့က ပြောရာမှာ အဲဒီ နယ်ပယ်အတွင်းက တရားမဝင် မှုခင်းပေါင်း ၃၆ ခုကို စစ်ဆေးခဲ့သလို လူမှောင်ခိုကူး ခံရသူ ၁၃၀ ကိုလည်း ကယ်ဆယ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်း ပင်လယ်စာ ထုတ်လုပ်ရေး လုပ်ငန်းဟာ တရားမဝင် ငါးဖမ်းမှုတွေ အပေါ် မှီခိုနေတဲ့ အကြောင်း၊ ကျွန်သဖွယ် အလုပ် လုပ်ကြရတဲ့ လူကုန်ကူး ခံရသူတွေကို ခိုင်းစေ နေတဲ့ အကြောင်းတွေကို လူ့အခွင့်အရေး အဖွဲ့တွေက အတော်ကြာ ကတည်းက ထောက်ပြ ပြောဆို နေခဲ့တာ ဖြစ်ပါတယ်။

ထိုင်း ဒုရဲချုပ် သမ္မာဆက် ဝစ်ချာရာယာ ကတော့ အထူး စုံစမ်းရေး အဖွဲ့ကို ဖွဲ့စည်းပြီး နောက်ပိုင်းမှာ စုံစမ်း ဖော်ထုတ်မှုတွေကို ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင် လာနိုင်ခဲ့တယ်လို့ ပြောဆို သွားပါတယ်။

ဖမ်းဆီးခဲ့တဲ့ လူ ၁၀၂ ဦးအနက် အများစုကို ပြစ်ဒဏ် ချခဲ့ပြီး ဖြစ်ကာ၊ ၃၆ ဦးကို ထောင်ချ ခဲ့ပြီး ဖြစ်တယ်လို့လည်း ထိုင်း ဒုရဲချုပ်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ပင်လယ်စာ တင်ပို့ ရောင်းချတဲ့ နိုင်ငံတွေထဲမှာ ကမ္ဘာ့ တတိယ အကြီးဆုံး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ