ဆီးရီးယားစစ်တလင်းမှ အရပ်သားပြည်သူတွေ အထိနာ

4_aleppo_304x171 ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ပွဲဒဏ်သင့် အလက်ပိုမြို့

မနေ့ က ဖေဖေါ်ဝါရီလ ၄ ရက် နေ့က လန်ဒန် မှာ ကုလသမဂ္ဂ ဥရောပ သမဂ္ဂ နဲ့ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင်တွေဟာ ဆီးရီးယား အရေး ဆွေးနွေးကြယင်း အလှူငွေတွေ ကို ဒေါ်လာ သန်း ပေါင်း ထောင်နဲ့ ချီပြီး ကူညီ ပံ့ပိုး ဖို့ ကတိပြု ဆုံးဖြတ် လိုက်ကြ ပါတယ်။ တဖက်မှာလည်း ဂျီနီဗါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရပ်ဆိုင်းသွားသလို ဆီးရီးယား ရှိ အလက်ပို မြို့ မှာလည်း ရုရှ လေကြောင်း စစ်ကူ တိုက်ခိုက် မှု ကြောင့် အစိုးရ တပ် ကလည်း သူပုန်တွေ ရဲ့ အဓိက ရိက္ခာ နဲ့ ထောက်ပံ့ရေး လမ်းကြောင်း ကို တူရကီ နဲ့ အလက်ပို အကြား ဖြတ်တောက် နိုင်ခဲ့ပါတယ်။

ဒါကြောင့် မို့ တိုက်ပွဲ တွေ အကြားမှာ တံစာခံ ဖြစ်နေ ကြတဲ့ စစ်ပြေးဒုက္ခ သည်တွေ ဟာ တူရကီ ဘက် ကို ၆သောင်း ခန့် ဝင်လာဖို့ ရှိနေကြပြီ လို့ တူရကီ ဝန်ကြီးချုပ် Ahmet Davutoglu က ပြောပါတယ်။

ရုရှ ဘက်ကလည်း ဒီလဆန်းပိုင်း က အလက်ပို၊ လာတာကီယာ နဲ့ ဟုမ်းစ် မြို့နယ် တွေ ဘက် ရှိ အကြမ်းဖက် သမားတွေ ရဲ့ ပစ်မှတ် ကိုးရာ နီးပါး ကို ပစ်ခတ် နိုင်ခဲ့တဲ့ အကြောင်း ရုရှ ကာကွယ်ရေး ဝန်ကြီးဌာန က ပြောပါတယ်။ ဒါ့အပြင် တူရကီ ဟာ ဆီးရီးယား ထဲ စစ်ရေး အရ ကျူးကျော် ဝင်ရောက်ဖို့ ပြင်ဆင်နေ တယ် ဆိုတာလည်း အခြေအမြစ် ရှိတဲ့ သတင်း ရထားကြောင်း ပါ ရုရှ က ပြောပါသေးတယ်။

အခုလို ဆီးရီးယား အခြေအနေ ဟာ ရှင်းလေ ရှုတ်ထွေးလေ ဖြစ်နေလို့ မနေ့ က လန်ဒန် နိုင်ငံ တကာ အလှူရှင်ညီလာခံ လာတက်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေ အနေနဲ့ လိုက်နာရမဲ့ ဆုံးဖြတ်ချက် တွေ ကို အလွတ်သဘော ပြောခဲ့ ပါတယ်။

ကုလသမဂ္ဂ ရဲ့ လိုက်နာရမဲ့ ဆုံးဖြတ်ချက် ကို ရုရှ ကိုယ်တိုင်လည်း မဲပေး ထောက်ခံ ခဲ့တဲ့ အတွက် အဖွဲ့ဝင် နိုင်ငံ အားလုံး လက်ခံ ရမှာ ဖြစ်တဲ့ အကြောင်း၊ တိုက်ပွဲတွေ အတွင်းမှာ အရပ်သား ပြည်သူတွေ ကို သေကြေ ဒဏ်ရာ ရအောင် တိုက်ခိုက်တာတွေ၊ ဆေးရုံ ဆေးပေးခန်းတွေ ကို ပျက်စီး စေတာတွေ ကို ရှောင်ကျဉ် ရမယ် ဆိုတဲ့ အချက်တွေ အကျုံးဝင်တဲ့ အခါမှာ ဝေဟင် က ဗုံးကြဲ တိုက်ခိုက်မှု လည်း ပါဝင်တဲ့ အကြောင်း ဒါကို ရုရှ နိုင်ငံခြားရေး ဝန်ကြီး လက်ဗရော့ဗ် နဲ့ ဆွေးနွေး ခဲ့ ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။

ဆီးရီးယား နိုင်ငံဟာ အဖက်ဖက် က တိုက်ပွဲတွေ ဖြစ်နေတဲ့ အထဲ အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့ လည်း ပါနေတဲ့ အတွက် ဆော်ဒီ အစိုးရ က ဆီးရီးယား ထဲ မြေပြင်တပ် စေလွှတ်ဖို့ ရှိတယ် လို့ မနေ့ က ဖေဖေါ်ဝါရီလ ၄ ရက်နေ့ က ပြောလို့ အခြေအနေ ပိုပြီး ရှုတ်ထွေးဖွယ်ရှိနေတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် အယ်လင် ဂျွန်စတင် က သတင်းပို့ လိုက်ပါတယ်။