ဗြိတိန် နဲ့ ဥရောပ သမဂ္ဂ ပြုပြင် ပြောင်းလဲရေး

_bbc_304x171
Image caption ဗြိတိန်နဲ့ ဒိန်းမတ် ဝန်ကြီးချုပ် သတင်းစာ ရှင်းလင်းပွဲ

နိုင်ငံတကာ သတင်းထဲမှာ နေ့စဉ်လို ဆက်တိုက် နေရာ ယူထားတဲ့ သတင်း ကတော့ ဆီးရီးယား နိုင်ငံ မှ ဒုက္ခ သည်တွေ ဥရောပ နိုင်ငံ တွေ ဘက်ကို နည်းမျိုးစုံ နဲ့ လှည့်ဝင်နေ တဲ့ ကိစ္စ ဖြစ်နေလို့ ဥရောပ ခေါင်းဆောင်တွေ ခေါင်းခဲ နေရ တဲ့ အထဲမှာ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် လည်း ပါဝင်ပါတယ်။ အထူးသဖြင့် ဒုက္ခသည်တွေ ကို ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေ အနေနဲ့ အချိုးကျ လက်ခံရမဲ့ အရေး ကိုလည်း ဗြိတိန် အနေနဲ့ တာဝန် မယူချင်တဲ့ အတွက် ဆီးရီးယား ဒုက္ခသည် စခန်း က ဒုက္ခ သည်တွေ ကိုပဲ လက်ခံမယ် လို့ ပြောပါတယ်။

နိုင်ငံ အသီးသီး ရဲ့ နယ်စပ်ဖြတ်ကျော် ဝင်လာသူတွေ ထဲမှာ စစ်ပြေးဒုက္ခသည် တွေ ချည်း မပါဝင် နိုင်ပဲ စီးပွားရေး အရ အကျိုးအမြတ်၊ လူမှုရေး အထောက်အကူပြု ထောက်ပံ့မှု ငွေကြေး၊ ဆေးကုသမှု နဲ့ ပညာရေး ပံ့ပိုး မှု စတာတွေ မျှော်ကိုးပြီး ဝင်လာသူတွေ ကို ဗြိတိန် အနေနဲ့ လက်မခံလိုပါ။

ဒါကို မစ္စတာ ကင်မရွန် က မနေ့ က ဒိန်းမတ် နိုင်ငံ မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။ ဗြိတိန် နိုင်ငံ ရဲ့ စီးပွားရေး တိုးတက်လာတာနဲ့ အမျှ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လည်း မျှဝေ ခံစား ခွင့် ရှိလာမှာ မို့ ဗြိတိန် က ကမ်းလှမ်းတဲ့ ပြုပြင်ပြောင်းလဲ ရေး အချက်တွေ ကို လက်ခံ စေချင်တာပါ လို့ ပြောတာပါ။

ဒါကြောင့်မို ဥရောပ သမဂ္ဂ အနေနဲ့ အခြေခံ ပြုပြင်ပြောင်းလဲမှု တွေ ကို မပြုရင် အဖွဲ့ဝင် နိုင်ငံ အဖြစ် က နှုတ်ထွက်မယ်၊ အဖွဲ့ဝင် နိုင်ငံ ထဲ က ခိုလှုံခွင့်၊ အလုပ်လုပ်ပိုင်ခွင့် စတာ ရှိတဲ့ တိုင်အောင် ခံစားခွင့် တွေ ကို ကန့်သတ် ပစ်မယ် ဆို တဲ့ အသံတွေ ထွက်လာပါတယ်။ ဗြိတိန် နိုင်ငံတွင်း မှာ လည်း အခွန်ထမ်းပြည်သူတွေ က သူတို့ ခံစားပိုင်ခွင့် ထဲ က ဧည့်နိုင်ငံသားတွေ ကို မျှဝေ ပေးနေရတာကို လည်း မကျေနပ်တော့ လို့ ဥရောပ သမဂ္ဂ ထဲက ခွဲထွက်ဖို့ ဖိအား ပေးကြလို့ လူထုဆန္ဒ သဘောထားကောက်ခံ မဲ့ မဲပေးပွဲ ကိုလည်း စဉ်းစား ထားရပါပြီ။

ဒီအခါမှာ ဥရောပ ခေါင်းဆောင် တချို့ က ဗြိတိန် ကို ဥရောပ သမဂ္ဂ ထဲ က မထွက်စေလိုတဲ့ အတွက် ဗြိတိန် ရဲ့ ပြုပြင်ပြောင်းလဲမှု ကို ထောက်ခံ ပါ့မယ် လို့ ပြောတဲ့ အထဲမှာ ဒိန်းမတ် ဝန်ကြီးချုပ် Lars Lokke Rasmussen ပါဝင်ပါတယ်။

ဒိန်းမတ် အနေနဲ့ မစ္စတာ ကင်မရွန် ထောက်ပြတဲ့ အချက်တွေ ကို လက်ခံ တဲ့ အကြောင်း အထူးသဖြင့် ကလေးသူငယ် ခံစားပိုင်ခွင့် အပါအဝင် လူမှုရေး ထောက်ပံ့မှု စနစ်တွေ ကို ပြုပြင် ပြောင်းလဲမယ် ဆိုရင် ဗြိတိန် တနိုင်ငံ ထဲ တင် အကျိုးရှိမှာမဟုတ်ပဲ ဒိန်းမတ်ရော အခြား ဥရောပ နိုင်ငံ တွေ ပါ အကျိုးရှိလာနိုင်ပါတယ် လို့ ထောက်ခံပြောလိုက်ပါတယ်။

ပိုလန် နိုင်ငံ ကို မစ္စတာ ကင်မရွန် ရောက်သွားတဲ့ အခါမှာလည်း ပိုလန် ဝန်ကြီးချုပ် က ဗြိတိန် မှာ ရောက်နေတဲ့ ပိုလန် နိုင်ငံသားတွေ နဲ့ မိသားစု တွေရဲ့ ခံစားပိုင်ခွင့် တွေ ထိခိုက်မှု မရှိဘူး ဆိုရင် သူတို့ ဘက်ကလည်း ထောက်ခံဖို့ အသင့် လို့ ပြောပါတယ်။