မြောက်ကိုရီးယား ဂြိုဟ်တု ပတ်လမ်းထဲ ရောက်ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption တနင်္ဂနွေနေ့ လွှတ်တင်မှုက လုံးဝ အောင်မြင်ခဲ့တယ်လို့ မြောက်ကိုရီးယား ဆို။

မြောက်ကိုရီးယားက လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုဟာ အခု ပတ်လမ်းထဲ ရောက်နေပြီ ဖြစ်ပြီး ကောင်းကောင်း အလုပ် လုပ်နေသလား ဆိုတာတော့ မသိရဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယား ကတော့ Kwangmyongsong-4 ဆိုတဲ့ ဂြိုဟ်တုဟာ ဆက်သွယ်ရေး ဂြိုဟ်တု ဖြစ်ပြီး တနင်္ဂနွေနေ့ လွှတ်တင်မှုဟာ လုံးဝ အောင်မြင် ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်မှု မှန်သမျှကို ကုလ သမဂ္ဂက တားမြစ် ထားတဲ့ကြားက အဲဒီ ဂြိုဟ်တုကို လွှတ်တင် ခဲ့တာ ဖြစ်တဲ့ အတွက် နိုင်ငံတကာက ဝိုင်းဝန်း ရှုတ်ချ ခဲ့ကြပါတယ်။

ကုလ သမဂ္ဂက ပြစ်ဒဏ် ပေးတဲ့ အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်လုပ် သွားမယ်လို့ ပြောပါတယ်။

အမေရိကန်ကလည်း မြောက်ကိုရီးယားကို ပိုမို အထီးကျန်စေမယ့် စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လုပ်သွားဖို့ တနင်္လာနေ့က ပြောခဲ့ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားကို ဒုံးကျည် ကာကွယ်ရေး အဆင့်မြင့် စနစ်တစ်ခု တပ်ဆင့်ဖို့ အမြန်ဆုံး ကူညီသွားမယ်လို့ အမေရိကန်က ပြောပါတယ်။

မြောက်ကိုရီးယားမှာ အခုအခါ မိုင် ၇,၅၀၀ အထိ ပစ်လွှတ်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေ ပိုင်ဆိုင်ထားပြီ ဆိုတာ တနင်္ဂနွေနေ့ လွှတ်တင်မှု အရ သိခဲ့ရကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဌာနက ပြောပါတယ်။

ဒါပေမယ့် အဲဒီ တာဝေးပစ် ဒုံးကျည်ကို လက်နက်အဖြစ် သုံးဖို့အတွက်တော့ လိုအပ်တဲ့ နည်းပညာ ဖြစ်တဲ့ အဲဒီ ဒုံးကျည်ကို ကမ္ဘာ့လေထုထဲ ပြန်ဝင် လာနိုင်အောင် လုပ်နိုင်ပြီလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ