ကာ့ဒ်တွေကိုထောက်ပံ့မှု အမေရိကန်ကို တူရကီရှုတ်ချ

ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား ထဲက IS တွေကို တိုက်ခိုက်ရာမှာ အမေရိကန်က ကာ့ဒ်တွေကို အားကိုးနေ။

ဆီးရီးယားမှာ ရှိတဲ့ ကာဒစ်ရှ်တွေကို အမေရိကန်က ထောက်ပံ့ နေတာနဲ့ ပတ်သက်ပြီး တူရကီ သမ္မတ အာဒိုဂန်က အမေရိကန်ကို ထိုးနှက် ပြောဆို လိုက်ပါတယ်။

ဝါရှင်တန် အနေနဲ့ ဆီးရီးယားထဲက ကာဒစ်ရှ် အဖွဲ့တွေဟာ အကြမ်းဖက် သမားတွေ ဖြစ်တယ် ဆိုတာကို မသိကျိုးကျွံ ပြုနေတဲ့အတွက် ဝါရှင်တန်ဟာ သွေးပင်လယ် တစ်ခုကို ဖန်တီးနေတာပဲလို့ အာဒိုဂန်က ပြောပါတယ်။

အမေရိကန်ဟာ ဆီးရီးယားထဲက IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို တိုက်ခိုက်ရာမှာ PYD လို့ ခေါ်တဲ့ ကာဒစ်ရှ် အဖွဲ့ဝင်တွေကို အားကိုး နေရတာ ဖြစ်ပြီး၊ အဲဒီ PYD အဖွဲ့ဟာ တူရကီ အစိုးရက တိုက်ခိုက်နေတဲ့ PKK အဖွဲ့ရဲ့ အကိုင်းအခက် တစ်ခု ဖြစ်ပါတယ်။

တူရကီ နယ်စပ်မှာ ပိတ်မိနေတဲ့ ဆီးရီးယား ဒုက္ခသည် ၃ သောင်းလောက်ကို ဝင်ခွင့်ပေးဖို့ နိုင်ငံတကာက ဖိအားပေး နေချိန်မှာ မစ္စတာ အာဒိုဂန်ရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ် လာတာပါ။

အဲဒီ ဒုက္ခသည်တွေဟာ အလက်ပို မြို့အနီးက သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို ဆီးရီးယား အစိုးရ တပ်က ထိုးစစ်ဆင် တိုက်ခိုက် ခဲ့တဲ့အတွက် ထွက်ပြေး လာကြတာ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius ကလည်း ဆီးရီးယား ပဋိပက္ခတွေ အဆုံးမသတ်နိုင် ဖြစ်နေရတဲ့ အကြောင်းတွေထဲမှာ အမေရိကန်ရဲ့ မပြတ်သားတဲ့ မူဝါဒလည်း ပါဝင်တယ်လို့ ဝေဖန် ပြောဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ