ဆီးရီးယား အပစ်ရပ်ရေး နိုင်ငံကြီးတွေ သဘောကွဲလွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption အလက်ပို မြို့တဝိုက်က တိုက်ပွဲတွေကြောင့် လူ ၅ သောင်းလောက် စွန့်ခွာ ထွက်ပြေးခဲ့ကြရ။

ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ချက်ချင်း ပြန်စဖို့ အမေရိကန်ရဲ့ တွန်းအားပေးမှုဟာ ရုရှားရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင် နေရပါတယ်။

အပစ်ရပ်မှု စတင်မယ့် ရက်အဖြစ် မတ်လ ၁ ရက်နေ့ကို သတ်မှတ်ဖို့ ရုရှားဘက်က ကမ်းလှမ်း ခဲ့တယ်လို့ သိရပြီး၊ ဒါဟာ ရုရှားနဲ့ ဆီးရီးယား အစိုးရတို့က သူပုန်တွေကို ချေမှုန်းပစ်ဖို့ ၃ ပတ်လောက် အချိန် ဆွဲလိုက်တာပဲလို့ အမေရိကန် ဘက်က ယူဆပါတယ်။

ဂျာမနီ နိုင်ငံ၊ မြူးနစ် မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ မကြာမီမှာ တွေ့ဆုံပြီး ဆီးရီးယား အရေး ဆွေးနွေးကြဖို့ ရှိပါတယ်။ ဆီးရီးယား တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ဆိုးရွား လာနေတဲ့ အတွက် အခုလို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အလက်ပို မြို့တဝိုက်က နေရပ် စွန့်ခွာ ထွက်ပြေး ခဲ့ကြရတဲ့ ဒုက္ခသည် ငါးသောင်းလောက် အတွက် ကူညီ ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြတ်ကုန်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီက ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ရုရှားက လေကြောင်း တိုက်ခိုက်မှု အကြိမ် ငါးရာကျော် လုပ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဌာနက ပြောပါတယ်။

အကြမ်းဖက် သမားတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရုရှားက ပြောပေမယ့် အနောက်နိုင်ငံတွေ ကတော့ ရုရှားရဲ့ တိုက်ခိုက်မှုတွေက ဆီးရီးယား သူပုန် အဖွဲ့တွေနဲ့ အရပ်သားတွေကို အများစု ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ