နယ်မြေထိန်းချုပ်ဖို့ ဂရိကို အီးယူ အချိန်သုံးလ ပေး

ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၆ အတွင်းမှာလည်း ရွှေ့ပြောင်း ဝင်ရောက်သူတွေ တူရကီကနေ ဂရိကို ရောက်ရှိလာနေဆဲ ဖြစ်။

ဥရောပ သမဂ္ဂရဲ့ ရှန်ဂန် ဧရိယာ နယ်မြေ အဝင်အထွက်ကို ထိန်းချုပ်ဖို့ ဂရိနိုင်ငံက ဆိုးဆိုးရွားရွား ပျက်ကွက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြုပြင်မှုတွေ လုပ်ဖို့ ဥရောပ သမဂ္ဂက ဂရိ အစိုးရကို အချိန် သုံးလ ပေးလိုက်ပါတယ်။

ဂရိဟာ အီးယူ နယ်မြေထဲကို ဝင်လာတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ထိန်းချုပ်ဖို့ ဆိုးဆိုးရွားရွား လျစ်လျူ ရှုခဲ့တယ် ဆိုတဲ့ အစီရင်ခံစာ မူကြမ်းကို အီးယူက ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်မှာ ထုတ်ပြန် ခဲ့ပါတယ်။

အဲဒါကြောင့် ပတ်စ်ပို့ ကိုင်စရာ မလိုတဲ့ အီးယူရဲ့ ရှန်ဂန် ဧရိယာဟာ ခြိမ်းခြောက် ခံနေရတဲ့ အတွက် အချက် ၅၀ ပါတဲ့ ပြုပြင်မှုတွေကို လုပ်ဖို့ အီးယူ ဝန်ကြီးတွေက ဂရိ အစိုးရကို အချိန် သုံးလ ပေးလိုက်တာပါ။

အခု အချိန် သုံးလအတွင်းမှာ တိုးတက် မလာခဲ့ရင် တခြား အီးယူ နိုင်ငံတွေက ယာယီ ပြုလုပ်နေတဲ့ နယ်နိမိတ် ထိန်းချုပ်ရေး အစီအစဉ်တွေကို နှစ်နှစ် အထိ တိုးမြှင့် သွားနိုင်ခြေ ရှိပါတယ်။ အဲဒီ နယ်နိမိတ် ထိန်းချုပ်ရေး အစီအစဉ်တွေမှာ ဂရိ နိုင်ငံနဲ့ အဝင်အထွက်ကိုပါ ပိတ်ထားတာ ဖြစ်ပါတယ်။

ဂရိနိုင်ငံဟာ ရွှေ့ပြောင်းသူတွေ ဥရောပကို ဝင်ရောက်ရာမှာ အဓိကကျတဲ့ လမ်းကြောင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ