အီးယူနဲ့ ယူကေအကြား အရေးကြီးတဲ့ ဆွေးနွေးပွဲ

ဓာတ်ပုံ မူပိုင် Reuters

အီးယူ အဖွဲ့ထဲမှာ ဗြိတိန် ဆက်ရှိနေမယ့် အနာဂတ် အလားအလာအတွက် အရေးကြီးတဲ့ ထိပ်သီး ဆွေးနွေးပွဲကို ဘရပ်ဆဲမြို့မှာ ဒီကနေ့ ကြာသပတေးနေ့မှာ စတင်ပြီး နှစ်ရက်ကြာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သူဟာ ဗြိတိန်အတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို့ ဘရပ်ဆဲလ်စ်ကို ရောက်ရှိစဉ် မီဒီယာတွေကို ပြောပါတယ်။

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ယန်း ကလောက် ယွန်ကာ ကတော့ ဥရောပ ခေါင်းဆောင်တွေနဲ့ ဗြိတိန် တို့အကြား သဘောတူညီမှု ရနိုင်မယ်လို့ ယုံကြည်ထားကြောင်း အစောပိုင်းက ပြောပါတယ်။

မစ္စတာ ကင်မရွန်း အနေနဲ့ အီးယူနဲ့ ဗြိတိန် တို့အကြား ပြုပြင်ရေး သဘောတူညီချက်ကို ရခဲ့မယ် ဆိုရင် ဇွန်လမှာ ပြုလုပ်ဖို့ ရှိတဲ့ အီးယူ အဖွဲ့ထဲမှာ ဆက်နေဖို့ မနေဖို့ ဆုံးဖြတ်မယ့် ဗြိတိန် နိုင်ငံသားတွေရဲ့ လူထုဆန္ဒ ခံယူပွဲမှာ ချပြနိုင်ဖို့ ရည်ရွယ် ထားတာပါ။

ဒါပေမယ့် မစ္စတာ ကင်မရွန်း လိုလားတဲ့ ပြုပြင်ရေး တောင်းဆိုချက် တွေထဲက အဓိက အချက် တချို့ကတော့ အီးယူ ခေါင်းဆောင် တချို့ရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

သဘောတူညီမှုကို အဟန့်အတား ဖြစ်စေနိုင်တဲ့ အချက်တွေ ထဲမှာ ဗြိတိန် နိုင်ငံသားတွေ အတွက် သီးသန့်ဖြစ်တဲ့ ထောက်ပံ့ရေး အစီအစဉ်တွေကို အီးယူ အဖွဲ့ဝင် နိုင်ငံသားတွေ အပေါ် တင်းကျပ်မယ် ဆိုရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကိစ္စတွေ အပေါ် စိုးရိမ်မှုတွေလည်း ပါဝင်ပါတယ်။

ဘရပ်ဆဲလ်စ် ထိပ်သီး အစည်းအဝေးမှာ ရွှေ့ပြောင်း ဝင်ရောက်သူတွေ အရေးကိုလည်း ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ