ဗြိတိန် နဲ့ ဥရောပသမဂ္ဂ သဘောတူမှု ရရှိပြီ

ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန် ဓာတ်ပုံ မူပိုင် Reuters
Image caption ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်

ဘရပ်ဆဲလ် မြို့တော် မှာ ကျင်းပတဲ့ ဗြိတိန် နဲ့ ဥရောပ သမဂ္ဂ နိုင်ငံခေါင်းဆောင် တွေ ရဲ့ တွဲရေး ခွဲရေး အစည်းအဝေး ဟာ မနေ့က ဖေဖေါ်ဝါရီ ၁၉ ရက်နေ့ ညနေ မှာ မပြီးပြတ် တဲ့ အတွက် ညစာ စားပွဲ တိုင်အောင် ဆက်လက် ဆွေးနွေး ကြပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် အနေနဲ့လည်း သူတင်ပြ တဲ့ အချက်တွေ ကို အီးယူ အဖွဲ့ဝင် ခေါင်းဆောင် တွေ နဲ့ ညှိနှိုင်း သဘောတူချက် ရမှ သာ ပြည်တော်ပြန် မျက်နှာပန်း လှမှာ မို့ အထူးကြိုးစား ဆွေးနွေး တာပါ။

ဗြိတိန် ဟာ တောင်းဆိုချက် ရပြီး တဲ့ တိုင်အောင် မစ္စတာ ကင်မရွန်ဟာ ကက်ဘိနက် အစည်းအဝေး ထိုင်ပြီး မှ ဗြိတိသျှ ပြည်သူတွေ နဲ့ အီးယူ အဖွဲ့ဝင် အဖြစ် ဆက်နေသင့် မနေသင့် ဆန္ဒခံယူ မဲပေးပွဲ ကျင်းပဖို့ ရှိပါသေးတယ်။

ဗြိတိန်ဘက် က တောင်းဆိုချက်တွေ ဖြစ်တဲ့ အီးယူအဖွဲ့ဝင် နိုင်ငံတွေ က အလုပ်သမားတွေ အနေနဲ့ ဗြိတိန် မှာ လာပြီး အလုပ်လုပ်ရင် အလုပ်သမား ရပိုင်ခွင့်တွေ ကို ရပ်နားထားမဲ့ ကိစ္စ၊ အဆိုပါ မိသားစုဝင်တွေ ရဲ့ သားသမီးတွေ ခံစားခွင့်တွေ ကိုလည်း လျှော့တန်လျှော့၊ ရပ်တာရပ် လုပ်မှာ ကို ပိုလန် အပါအဝင် ဗဟိုဥရောပ လေးနိုင်ငံ က လက်မခံနိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။

ပြင်သစ် သမ္မတ Francois Hollande ကတော့ မနေ့ က ပြင်သစ် အသံလွှင့်ဌာန နဲ့ မေးမြန်းခန်း လုပ်ရာမှာ ဗြိတိန် နဲ့ အီးယူ အဖွဲ့ အကြား အပေးအယူ အလျှော့အတင်း ဆွေးနွေးပွဲ မှာ အားလုံး လက်ခံနိုင်တဲ့ အဖြေ ထွက်အောင် တော့ သူ့ ဘက် က လုပ်ပေး ထားလို့ အဖြေရမယ် လို့ လည်း မျှော်လင့်သလို ဗြိတိန် ကို အီးယူထဲ မှာ ရှိစေချင်တဲ့ အကြောင်း၊ ပထဝီ အနေအထားအရ၊ နိုင်ငံရေး အရ၊ သမိုင်းကြောင်းအရ စသဖြင့် အဖွဲ့ဝင် အဖြစ် ရှိစေ ချင်ပါတယ် လို့ ပြောပါတယ်။

အက်စတိုးနီးယား နိုင်ငံ ဝန်ကြီးချုပ် Taavi Roivas က လည်း ဗြိတိန် ကို အီးယူ ထဲ မှာ ပဲရှိစေချင်တာ ကို ပြောရာမှာ ဗြိတိန် ဟာ အင်အားကြီးတဲ့ မဟာမိတ် နိုင်ငံ ဖြစ်တဲ့ အထဲမှာ လုံခြုံရေးပိုင်း ဆိုင်ရာ မှာ ရော ကုန်သွယ်ရေးပိုင်း မှာပါ အားကိုးရ တဲ့ နိုင်ငံ ဖြစ်တဲ့ အတွက် သူတို့ ဘက် က တန်ဖိုးထား လို့ အီးယူ ဟာ ဗြိတိန် ပါဝင်မှု ရှိမှ အင်အား တောင့်တင်း ခိုင်မာ မှာပါ လို့ ပြောပါတယ်။

ဒါကြောင့်မို့ လည်း အပေးအယူ ဆုံးဖြတ်ချက် ကျလာ တဲ့ အကြောင်း ဘီဘီစီ ဥရောပ ဆိုင်ရာ သတင်းထောက် ခရစ်စ် မောရစ် က သုံးသပ်ပါတယ်။