မြောက်ကိုရီးယားကို အမေရိကန် ပိတ်ဆို့မှု ထပ်တိုး

ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန်ရဲ့ ပြဋ္ဌာန်းချက် အသစ်မှာ မြောက်ကိုရီးယားအပေါ် ပိုမို ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပါဝင်။

မြောက်ကိုရီးယားက တာဝေးပစ် ဒုံးပျံ ပစ်လွှတ်ခဲ့ပြီး သီတင်းပတ် အနည်းငယ် အကြာမှာ သူတို့ရဲ့ နျူကလီယား အစီအစဉ်ကို ထိန်းချုပ်နိုင်ရေး ရည်ရွယ်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်တိုးဖို့ အမေရိကန် သမ္မတ အိုဘားမားက အတည်ပြု လိုက်ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား အစီအစဉ်ကို မရပ်ဆိုင်းခဲ့တဲ့ အတွက် အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ အဲဒီ ဒဏ်ခတ် ပိတ်ဆို့ရေး အစီအစဉ်အတွက် သဘောတူညီချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ အလွယ်တကူပဲ ရရှိခဲ့ပါတယ်။

ဒုံးပျံ ထိပ်ဖူးတွေထဲ ထည့်ပစ်နိုင်တဲ့ နျူကလီးယား လက်နက်တွေ မထုတ်နိုင်အောင် မြောက်ကိုရီးယားရဲ့ ဝင်ငွေကို ဒဏ်ခတ် ပိတ်ဆို့မှုတွေက ဖြတ်တောက်မှာ ဖြစ်ပါတယ်။

ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေနဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှာ အမေရိကန်နဲ့ တရုတ် နိုင်ငံတို့ ဆွေးနွေး နေကြဆဲ ဖြစ်ပါတယ်။

တချို့ ပိတ်ဆို့မှုတွေက မြောက်ကိုရီးယားရဲ့ စီးပွားရေးကို ချွတ်ခြုံကျသွား စေနိုင်တယ်လို့ တရုတ်က ပြောခဲ့ပါတယ်။

အမေရိကန်က ပြဋ္ဌာန်းလိုက်တဲ့ ပိတ်ဆို့မှုတွေထဲမှာ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နဲ့ အဆက်အစပ် ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင်သူ၊ ဒါမှမဟုတ် လူ့အခွင့်အရေး ချို့ဖောက်မှုတွေနဲ့ ပတ်သက်သူ တွေရဲ့ ပိုင်ဆိုင်မှု တွေကို ပိတ်ပင် တာတွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား ဘက်ကို ရေဒီယို အသံလွှင့်ချက်တွေ ထုတ်လွှင့်ဖို့အတွက် ဒေါ်လာ သန်း ၅၀ ကိုလည်း အဲဒီ ပိတ်ဆို့မှု အစီအစဉ် တစိတ်တပိုင်းအဖြစ် အမေရိကန်က ခွင့်ပြု လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ