ဆီးရီးယား လူ့အခွင့်အရေးချိုးဖေါက်မှု အစီရင်ခံစာ

_paulo_pinheiro_chair ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား ကော်မရှင် ဥက္ကဌ Pinheiro

ဆီးရီးယား နိုင်ငံ က ပြည်တွင်းစစ် အပြင် အိုင်အက်စ် အစ္စလမ်မစ် နိုင်ငံ တပ်ဖွဲ့ ရဲ့ အရပ်သား ပြည်သူတွေ အပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ ဟာ ဆိုးဝါး ထိတ်လန့် စဘွယ် ကောင်းပြီး ဆက်လက် ဖြစ်ပွားနေတဲ့ အတွက် သေကျေ ဒဏ်ရာ ရသူတွေ များပြားတဲ့ အကြောင်း ကုလသမဂ္ဂ မှ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် က အစီရင် ခံစာ ထုတ်ပြန် လိုက်ပါတယ်။

အဆိုပါ အစီရင်ခံစာ အတွက် မျက်မြင်သက်သေ တွေ ကို ရော ရင်ဆိုင် ခံစားရသူ ပေါင်း ၄၀၀ ကျော် နဲ့ တွေ့ဆုံ မေးမြန်းခန်း ပြုပြီး ထုတ်ပြန်တဲ့ အကြောင်း ဆီးရီးယား ဆိုင်ရာ စုံစမ်းရေး ကော်မရှင် ဥက္ကဌ Paulo Sergio Pinheiro က ပြောပါတယ်။

ဆီးရီးယား ပြည်သူ အပေါင်းဟာ စကားလုံးနဲ့ ဖေါ်ပြလို့ ပင် မပီပြင် နိုင်အောင် အင်မတန် ဆိုးရွားတဲ့ နာကျင်ခံစားမှု တွေ ကို ကြုံနေရတဲ့ အကြောင်း၊ ဒီ အငြင်းပွားမှုကြီး မှာ ပါဝင် ပတ်သက် တာနဲ့ အမျှ တိုးပွား နေကြတဲ့ လူတွေ ဟာလည်း ပြည်သူတွေ ကို သတ်ဖြတ်ရာမှာ တမင်သက်သက် ကျူးလွန် နေတဲ့ အသွင်ဆောင်နေပြီး လူမှု ဘဝ ရဲ့ အရေးပါတဲ့ အခြေခံ အဆောက် အအုံ တွေ ကိုပါ ဖျက်ဆီး ပစ် နေကြတယ် လို့ ပြောပါတယ်။ အထူးသဖြင့် နေအိမ်တွေ ဆေးရုံတွေ ကျောင်းတွေ စျေးတွေ နဲ့ အစားအသောက် လုပ်ငန်းတွေ ကိုပါ ပျက်စီးစေတဲ့ အတွက် ထိတ်လန့် ချောက်ချားမှု တွေ နဲ့ ဘဝ မလုံခြုံအောင် တွန်းပို့ နေကြတယ် လို့ ပြောလိုက် ပါတယ်။

ဒါကြောင့်မို့ ကုလ လုံခြုရေး ကောင်စီ အနေနဲ့လည်း လူသားချင်းဆိုင်ရာ ကျူးလွန် ဖေါက်ဖျက်မှု တွေ အပေါ်မှာ ထိရောက်တဲ့ အရေးယူ မှု ပြုဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဆီးရီးယား အရေးကို ငြိမ်းချမ်းတဲ့ နည်း နဲ့ ဖြေရှင်းပေး ပါတယ် ဆိုတဲ့ နိုင်ငံ တွေ ပင် စစ်ဆင်ရေး တွေ ကို ထပ်ခါ တလဲလဲ ဖြစ်နေ စေတဲ့ အကြောင်း အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။

တခါ အခု လာမယ့် သောကြာနေ့ ညသန်းခေါင်အချိန် က စပြီး ဆီးရီးယားမှာ အပစ်အခတ်တွေ ရပ်စဲတော့မယ်လို့ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့က ထုတ်ဖော် ကြေညာလိုက်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ ဖုန်းဆက် စကား ပြောခဲ့အပြီးမှာ ဒီသဘောတူချက်ကို ထုတ်ဖော် ကြေညာလိုက်တာပါ။

ဒါပေမဲ့ အဓိက ဂျီဟာ့ဒစ်စ် လက်နက်ကိုင် အုပ်စုနှစ်ခုဖြစ်တဲ့ IS အစ္စလာမစ် နိုင်ငံ အဖွဲ့နဲ့ Al-Nusra တပ်ဉီးအဖွဲ့တို့ကတော့ ဒီသဘောတူချက် မှာ မပါဝင်ပါဘူး။ ဆီးရီးယား အဓိက အတိုက်အခံ ညွန့်ပေါင်း အုပ်စုဖြစ်တဲ့ High Negotiations Committee ကတော့ ဒီသဘောတူချက် မှာ သူတို့ ဘယ်လို ပါဝင် ဆောင်ရွက်မလဲဆိုတာ ဟာ ဆီးရီးယား အစိုးရနဲ့ မဟာမိတ် တွေ က မြို့တွေကို သိမ်းပိုက်ထားတာတွေ ကို ပြန်ရုတ်သိမ်းပေးတာ၊ အကျဉ်းသားတွေကို ပြန်လွတ်ပေးတာ၊ ဗုံးကြဲ တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းတာ စတဲ့ လုပ်ရပ်တွေပေါ်မှာ မူတည်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုလို အပစ်ရပ်ရေး သဘောတူချက် ထုတ်ဖော် ကြေညာခဲ့ ပြီးပြီးချင်း မှာပဲ ဆီးရီးယား သမ္မတ ဘရှား အယ်လ် အားဆာ့တ် က ပါလီမန် ရွေးကောက်ပွဲ ကို လာမယ့် ဧပြီလ မှာ ကျင်းပမယ် လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ ပြီးခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲ ကို လွန်ခဲ့တဲ့ ၄နှစ် က ကျင်းပခဲ့တာပါ။

ဒီဇင်ဘာလတုန်းက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ် ပြဌာန်းချက်ထဲ မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီး ပြည်တွင်းစစ် ပြီးဆုံးမယ့် အသွင် ကူးပြောင်းတဲ့ တနှစ်ခွဲ တာ ကာလ အတွင်း ရွေးကောက်ပွဲ တွေ ကျင်းပပေး ဖို့ တောင်းဆို ထား ပါတယ်။