ကိုလုန်းမြို့ လိင်မှုခင်းအများစု ဖော်ထုတ်နိုင်ဖွယ် မရှိ

ဓာတ်ပုံ မူပိုင် Getty
Image caption ကိုလုန်းမြို့ ဘူတာ အပြင်ဘက်မှာ လိင်ပိုင်း စော်ကားခံရသူ အမျိုးသမီး ငါးရာ နီးပါး ရှိခဲ့။

ဂျာမနီနိုင်ငံ၊ ကိုလုန်းမြို့မှာ နှစ်သစ်ကူး အကြိုနေ့က ဖြစ်ခဲ့တဲ့ မှုခင်းတွေ အနက် လိင်စော်ကားမှု ကျူးလွန်သူ အများအပြားကို ဖမ်းမိနိုင်ဖို့ အလားအလာ နည်းတယ်လို့ ကိုလုန်းမြို့ ရဲချုပ်က ပြောပါတယ်။

လိင်ပိုင်း စော်ကားသူတွေကို ဖော်ထုတ်ရာမှာ စီစီတီဗီ မှတ်တမ်းတွေက သိပ် အသုံးမတည့်ဘူးလို့ ရဲချုပ် Juergen Mathies က ဘီဘီစီကို ပြောပါတယ်။ ခိုးမှုတွေကို စီစီတီဗီနဲ့ ဖော်ထုတ် နိုင်ပေမယ့် လိင်စော်ကားမှုတွေ အတွက်တော့ မျက်မြင် သက်သေတွေနဲ့ ကျူးလွန်ခံရသူတွေရဲ့ ထုတ်ဖော်ချက် တွေကိုသာ အားကိုး နေရတယ်လို့ မစ္စတာ မက်သီးယပ်စ်က ပြောပါတယ်။

ရဲတပ်ဖွဲ့က ထုတ်ဖော် နိုင်တဲ့ သံသယရှိသူ ၇၅ ယောက် ရှိပြီး သူတို့ အများစုက မြောက် အာဖရိက ဘက်ကနေ ဂျာမနီထဲကို ခိုးဝင်သူ ဒါမှမဟုတ် ခိုလှုံခွင့် လျှောက်ပြီး ဝင်လာသူတွေ ဖြစ်ပါတယ်။

အဲဒီ သံသယရှိသူတွေ အနက် ပထမဆုံး ပြစ်ဒဏ်ချမှတ်မှု အဖြစ် ၂၃ နှစ်အရွယ် မော်ရိုကို နိုင်ငံသား တစ်ယောက်ကို မိုဘိုင်းဖုန်း ခိုးမှုနဲ့ ဆိုင်းငံ့ ပြစ်ဒဏ်တစ်ခု ချမှတ် လိုက်ပါတယ်။ အလားတူ နောက်ထပ် မော်ရိုကို နိုင်ငံသား တစ်ယောက်နဲ့ တူနီးရှား တစ်ယောက်ဟာလည်း ခိုးမှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့က ကိုလုန်းမြို့ ဘူတာရုံ အနီးမှာ အာဖရိက နွယ်ဖွား အယောက် တစ်ထောင်လောက် စုဝေး ရောက်ရှိခဲ့ကြပြီး အုပ်စုခွဲတွေ ဖွဲ့ကာ အမျိုးသမီးတွေကို ခြိမ်းခြောက်တာ၊ လိင်ပိုင်း စော်ကားတာ၊ တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

နှစ်သစ်ကူး ကာလ ကိုလုန်းမြို့မှာ လိင်ပိုင်း စော်ကားခံရတဲ့ အမျိုးသမီး ငါးရာနီးပါး ရှိခဲ့လို့ ဂျာမနီ အနှံ့မှာ မခံမရပ်နိုင် ဖြစ်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ